DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကျရာအခန်းကဏ္ဍမှ ပါဝင်ကြရန် ကေအန်ယူဥက္ကဋ္ဌ တိုက်တွန်း
DVB
·
January 31, 2017
Donate to DVB

ကရင်အမျိုးသားတွေရဲ့  နိုင်ငံရေးရည်မှန်းချက်တွေဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်  ကရင်အမျိုးသားအားလုံး ကျရာအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့  ၆၈ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပြီး ကရင်အမျိုးသားတွေရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေကို ဖြေရှင်းပြီးမြောက်သည့်အထိ သန္နိဋ္ဌာန်ချမှတ်ပြီး အမျိုးသားတို့ရဲ့ လိုလားချက်တွေအတွက် မားမားမတ်မတ် ရပ်တည်လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ်ဖြစ်တဲ့ သေဘေးထမှာ ကျင်းပပြုလုပ်ခဲ့သလို ကေအန်ယူ ထိန်းချုပ်နယ်မြေခရိုင်၊ တပ်မဟာတွေမှာလည်း အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကေအန်ယူဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းကတော့ ၂၀၁၅ ခုကစပြီး လက်နက်ကိုင်တော်လှန်ရေးမဟုတ်ဘဲ နိုင်ငံရေးကူးပြောင်းတိုက်ပွဲကို လုပ်ဆောင်လာခဲ့တဲ့အတွက် ကရင်လူထုတရပ်လုံးအနေနဲ့ အားလုံးပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းသွားပါတယ်။

“၆၈ နှစ် တော်လှန်ရေးကတော့ သက်တန်းရှည်တယ်လို့ ပြောရမယ်။ ဒါပေမယ့် ၂၀၁၅ ကနေစပြီးမှ ဒီဘက်ကိုဆိုလို့ရှိရင် လက်နက်ကိုင်တိုက်ပွဲ မဟုတ်တော့ဘဲနဲ့ နိုင်ငံရေးတိုက်ပွဲကို ကူးပြောင်းပြီး ဆောင်ရွက်မယ်လေ။ အဲဒီအတွက် ကရင်လူထုတရပ်လုံးကတော့  ဒီနိုင်ငံရေးတိုက်ပွဲကို ဆောင်ရွက်ရာမှာ အားလုံးပူးပေါင်း ပါဝင်ပြီးမှ တက်ညီလက်ညီနဲ့ မြန်မာပြည်တပြည်လုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုအတွက် ကြိုးစားရမယ်။ နောက်ပြီးမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရရှိတဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ၆၈ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ အထူးပြောကြားလိုပါတယ်။”

ဖဆပလအစိုးရက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)ကို ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်နေ့က တရားမ၀င်အဖွဲ့အဖြစ် ကြေညာပြီးနောက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေ့ကို ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013