DVB Logo
Home
မြန်မာသတင်း
ရေကာတာ အလိုမရှိကြောင်း မြစ်ကြီးနားတွင် ဆန္ဒပြ
DVB
·
January 31, 2017
Donate to DVB

ရေကာတာစီမံကိန်းကို အလိုမရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံလူထုက ဆန္ဒပြကြပါတယ်။

မြစ်ကြီးနားမြို့ Palm Spring Hotel မှာ ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲတခုဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်းကနေပြီး ရေကာတာတည်ဆောက်ရေး မြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲကို လုပ်ဆောင်တာဖြစ်တဲ့အတွက် ဒါကို ကန့်ကွက်တဲ့အနေနဲ့ လာရောက်ဆန္ဒပြတာလို့ မလိယန်ဒေသခံ ဆရာမုန်ရာက ပြောပါတယ်။

“ကျနော်တို့က အဓိက မြစ်ဆုံကို ရပ်စေချင်လို့။ ဘယ်လောက်ပဲ တိုးတက်တာဖြစ်ဖြစ် သဘာဝကိုတော့ မမီဘူး။ သဘာဝအတိုင်း တည်မြဲစေချင်တယ်။ နောက်ပြီးမှ ဒါလုပ်လိုက်ပြီဆိုလို့ရှိရင်တော့ ကောင်းကျိုးနည်းပြီး ဆိုးကျိုးကတော့ ဆက်တိုက်ရှိသွားမှာပဲ။ အဲဒါကြောင့် ကျနော်တို့ဘက်က ကန့်ကွက်သွားမယ်။”

မြစ်ဆုံရေကာတာစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အကျိုးမရှိဘဲ ဆိုးကျိုးဖြစ်တဲ့အပြင် စစ်ပဋိပက္ခတွေကို ပိုမိုများပြားလာစေနိုင်တဲ့အတွက် ကန့်ကွက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်ပါတီ ၄ ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ကရက်ပါတီနဲ့ လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လည်း စစ်ပဋိပက္ခနဲ့ ဒုက္ခရောက်နေတဲ့ကြားမှာ အခုလို ဖွံ့ဖြိုးရေးစီမံကိန်းကိစ္စကို မလုပ်ဆောင်သင့်သေးဘူးလို့ ပူးတွဲထုတ်ပြန်ထားပါတယ်။

ကချင်ဒီမိုကရေစီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဂျော်ဆန်နော်က “အဓိကကတော့ ကျနော်တို့ ဖက်ဒရယ်ကွန်စတီကျူးရှင်းပေါ့။ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ကွန်စတီကျူးရှင်း ပေါ်ပေါက်လာမှ ငြိမ်းချမ်းရေးတွေ ပေါ်ပေါက်လာမှပဲ။ အခုနလိုမျိုး ဖွံ့ဖြိုးရေစီမံကိန်းတွေ ဘာတွေ စဉ်းစားဖို့ ကျနော်တို့က မူဝါဒအနေနဲ့ သဘောထားပေးတာပေါ့။ လက်ရှိအနေအထားမှာတော့ ကျနော်တို့ ဘယ်လိုမှ စဉ်းစားဖို့ ခက်တာပေါ့လေ။ လက်ရှိအနေအထားမှာတော့ တိုက်ပွဲတွေကြား၊ ဒုက္ခတွေကြားထဲမှာ အတိဒုက္ခရောက်နေတဲ့ကြားထဲမှာ အခုဆိုရင်လည်း တိုက်လေယာဉ်သံ ကြားနေရတယ်။ ဒါ မြစ်ကြီးနားမှာပဲ။ ဆိုတော့ ဒီလိုအခက်အခဲတွေကြားထဲမှာ မစဉ်းစားသင့်ဘူး။ ဖက်ဒရယ်စနစ်တွေ၊ ငြိမ်းချမ်းရေးတွေ စစ်စစ်မှန်မှန် ပေါ်ပေါက်လာမှာပဲ ဒီပရောဂျက်တွေကို စဉ်းစားဖို့ တိုက်တွန်းတဲ့ အနေအထားပါ။”

ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲတခုဖြစ်တဲ့ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းကနေပြီး ဒီကနေ့ မြစ်ကြီးနားမြို့ Palm Spring Hotel မှာ ရေကာတာတည်ဆောက်ရေး မြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်တာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ တရုတ်စွမ်းအင်ကုမ္ပဏီ (စီပီအိုင်) က မြစ်ဆုံစီမံကိန်း ပြန်စရေး လာရောက်ဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒပြပွဲမှာ ကြိုတင်ခွင့်ပြုချက်ရယူတာ မရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်သတိပေးခဲ့ပေမယ့် ဖမ်းဆီးမှုမရှိခဲ့ဘူးလို့လည်း ဆန္ဒပြသူ ဆရာမုန်ရာက ပြောပါတယ်။

ဓာတ်ပုံ - Khon Ja

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013