DVB Logo
Home
မေးမြန်းခန်း
မိန်းကလေးနဲ့ ကလေးတွေက အများစုပဲ (စစ်ပြေးဒုက္ခသည်အခြေအနေကို မေးမြန်းချက်)
DVB
·
December 9, 2011
မိန်းကလေးနဲ့ ကလေးတွေက အများစုပဲ (စစ်ပြေးဒုက္ခသည်အခြေအနေကို မေးမြန်းချက်)
1 / 2
Donate to DVB

ကချင်ပြည်နယ်မှာ ဒီနှစ်လယ်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခုချိန်ထိ စစ်ဘေးဒုက္ခသည် သောင်းနဲ့ ချီရှိနေတယ်လို့ ဒုက္ခသည် ကူညီရေး အဖွဲ့တွေက ဆိုပါတယ်။ ဒီလို စစ်ပြေးဒုက္ခသည်တွေထဲက ကလေးငယ်နဲ့ အမျိုးသမီးတွေ အများစုဖြစ်ပြီး၊ ဆောင်းရာသီဝင်လာတဲ့အတွက် ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။

[caption id="attachment_18686" align="alignleft" width="300" caption="ကိုမြတ်သူ"][/caption]

မကြာခင်ကပဲ မြစ်ကြီးနားနဲ့ ၀ိုင်းမော် တ၀ိုက်က ဒုက္ခသည်စခန်းတွေမှာ သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမြတ်သူကို မေးမြန်းထားပါတယ်။

အခု ကိုမြတ်သူတို့ ဘယ်ဒုက္ခသည် စခန်းကို ရောက်နေလဲခင်ဗျ။

“ဒုက္ခသည်စခန်း ၂၀ ခုနီးပါးလောက်ရောက်တယ်။”

မြစ်ကြီးနားတို့ ဘာတို့ပေါ့။

“ဟုတ်ကဲ့။ မြစ်ကြီးနား၊ ၀ိုင်းမော် ၂ မြို့ပေါင်းကို ၃၀ ကျော်လောက်ရှိတာကို။ အကုန်ရောက်နိုင်အောင်လို့ အဖွဲ့တွေခွဲပြီး သွားကြတာ။ WFP ဆိုရင် ဆန်တို့ဆီတို့တော့ ပေးတယ်။ ဆန်၊ ဆီနဲ့ပတ်သက်ရင်တော့ လုံလောက်တယ်။ ဒါပေမယ့် ဟင်းဘာညာနဲ့ လူတွေအများကြီးအတွက်တော့ မလုံလောက်ဘူး။ စားနေတဲ့ဟာကိုကြည့်တော့လည်း ဟင်းတွေက ဆင်းဆင်းရဲရဲပါ။ ပဲပုပ်လေး နည်းနည်း။ ပဲသီးလေး နည်းနည်းလေးတွေ။”

ကျန်းမာရေး ကိစ္စတွေကော ဘယ်လိုရှိလဲ။

“ကျန်းမာရေးကိစ္စတွေတော့ သူတို့ရေတွေ ဘာတွေကျတော့ ဒီလောက်လူအများကြီးကို လုံလောက်အောင် မပေးနိုင်တော့ဘူး။ အဲဒီမှာ ယားနာတွေက အများကြီးဖြစ်ကြတာ။ အရမ်းအေးလာတော့ စောင်တွေ အကာအရံတွေ လိုတယ်လေ။ အဲဒါကြောင့် ချောင်းဆိုးတာတွေ အရမ်းဖြစ်တယ်။ ကလေးတွေလည်း အများကြီးပဲလေ။ အဓိက မိန်းကလေးနဲ့ ကလေးတွေက အများစုပေါ့။ ယောက်ျားလေးတွေ သိပ်မတွေ့ရဘူး။”

ဘုရားကျောင်းတွေမှာ ထားတယ်မဟုတ်လား။

“ဘုရားကျောင်းက အများစုပေါ့။ ရှမ်းရွာတွေတော့ ရှမ်းဘုန်းကြီးကျောင်းတွေမှာ တာဝန်ယူပြီးထားတယ်။ ဘုန်းကြီးကျောင်းက တာဝန်ယူတာရှိတယ်။ နောက်ပြီးတော့ ခရစ်ယာန်ကျောင်းတွေက တာဝန်ယူတာရှိတယ်။ ခရစ်ယာန်ကျောင်းတွေက အများစုတာဝန်ယူတာပေါ့။ နေရာတော့ ကျယ်တယ်။ အဆောက်အဦ အမိုးအကာက နည်းတာကို။ ကျပ်ကျပ် သိပ်သိပ်ပါပဲ။ များသောအားဖြင့် အားလုံး ခန်းမကြီးထဲမှာ ဖျာတွေကို အခင်းလေးတွေခင်းပြီးတော့ တိုးဝှေ့အိပ်ရတာပဲ။ ဒါမျိုးတွေ အများကြီးတွေ့ရတယ်။”

ဘယ်လောက်လောက် ကြာကြာရောက်နေပြီလို့ ပြောကြလဲ။

“၆ လပိုင်းက စရောက်တဲ့သူတွေလည်း ရှိတယ်။ ၈ လပိုင်းမှာတော့ အများစု ရောက်ကြတယ်။ အခုထိလည်း ပြီးခဲ့တဲ့လကမှ စရောက်တဲ့သူတွေလည်း ရှိတယ်။ အမျိုးမျိုးပဲ။”

[caption id="attachment_18685" align="alignright" width="310" caption="ကချင်ဒုက္ခသည်များ​"][/caption]

ကိုမြတ်သူတို့ အကုန်ဖြန့်သွားတဲ့ အခါကျတော့ လူဘယ်နှယောက်လောက် ရှိတယ်ဆိုတာ​ ​ပြန်တွက်ကြည့်တာရှိလားခင်ဗျ။

“လူက ၇၀၀၀ လောက်ရှိတယ်။”

ဝိုင်းမော်တခုထဲပဲလား။

“မြစ်ကြီးနားဝိုင်းမော် မြို့နယ်တွေပဲ။ ​မြို့ပေါ်အခြေအနေက ၇၀၀၀လောက်ရှိတယ်။”

ညှိနှိုင်းသွားရတာလား။ ဘယ်လိုမျိုးလဲ ခင်ဗျ။

“မနက်ကနေ ညနေ ၅ နာရီ၊ ၆ နာရီလောက်ထိပဲ။ ၆ နာရီနောက်ပိုင်း မြို့ပြင်ထွက်ရတာ သိပ်အဆင်မပြေဘူး။ တချို့က လုံးဝပိတ်လိုက်တာလေ။”

အခုသွားတာ မန္တလေးက အဖွဲ့တွေပါသွားလား။ ကိုမြတ်သူတို့နဲ့။

“ဟုတ်တယ်။ မန္တလေးက ဘ၀အလင်းတို့ ဘာတို့နဲ့တွဲသွားကြတာ။ တခြားအဖွဲ့တွေလည်း လာတယ်။ နမ္မတီးအဖွဲ့တို့၊ ကလေးချစ်သူများအဖွဲ့တို့ လာကြတယ်။ ကျနော်တို့ ၈၊ ဘ၀အလင်း၊ နောက် နာရေးကူညီမှုအသင်းရယ် အဖွဲ့ကတော့ လေးငါးဖွဲ့လောက် ဖြစ်နေတယ်။”

ကိုမြတ်သူတို့ အဓိက ဘာတွေလှူခဲ့လဲ။ အကုန်လုံးကို။

“ကျနော်တို့ ပိုက်ဆံလောက်ပဲ ပေးနိုင်တာပါ။ ကျနော်တို့က နည်းပါတယ်။”

ပိုက်ဆံဆိုတာက တဦးချင်းစီ မိသားစုအလိုက် ပေးခဲ့တာပေါ့။

“ဟုတ်တယ်။ မိသားစုအလိုက်ကို ခရစ်ယာန်ကျောင်းက ချက်ကျွေးတယ်ဆိုရင်တော့ အဲဒီကို အပ်ပေးပြီး ကျန်တာကို အသေးသုံးအတွက်ကို နည်းနည်းပေးပေါ့။ အဲဒါမျိုးပေါ့။ ခွဲပြီးတော့ ပေးခဲ့တာပါ။”

အဓိက လိုအပ်ချက်က ဘာလို့ပြောမလဲ။

“ဟင်းပါပဲ။ အ၀တ်အစားတွေကတော့ တထည်တည်းနဲ့တင် အကြာကြီးနေတာတွေ ရှိတယ်။ အဆင်ပြေသလို ကြည့်သုံးကြဆိုပြီးတော့ အသေးသုံးလေးတွေ ပေးခဲ့တာပေါ့။ ကျနော်တို့က အဲ့လိုတွက်တယ်။ တွက်တယ်ဆိုတာ ဘုရားကျောင်းကိုလည်း အများစုအပ်တယ်။ သူတို့ကိုလည်း အသေးသုံးပေးတယ်ဆိုတော့ သူတို့စားဖို့အတွက်လည်း ဘုရားကျောင်းက စီစဉ်လို့ရမယ်။ လူတွေကလည်း အသေးသုံးရှိတယ်ဆိုတော့ တယောက်တထောင်ဆိုရင် မိသားစု ၅ ယောက်ရှိရင် ၅၀၀၀ ကျပ် ဆိုတော့၊ ၀ယ်ချင်တာဝယ်ပေါ့။”

မြို့ပေါ်မှာ ၀ယ်လို့ရတဲ့ဆိုင်တွေ ရှိတယ်ပေါ့။

“မြို့ပေါ်မှာတော့ ရှိတယ်။ လိုတဲ့ပစ္စည်းတွေကို အလွယ်တကူဝယ်လို့ ရနိုင်ပါတယ်။”

အဓိကတော့ ပိုက်ဆံမရှိတာ ဖြစ်နေတာပေါ့။ သူတို့က ဘယ်ကနေ ထွက်ပြေးလာတာလဲ၊ ရွာတွေက ထွက်ပြေးလာတယ်လား။

“ဟုတ်ပါတယ်။ ပိုက်ဆံမရှိကြတာလည်း ပါတယ်။ တိုက်ပွဲဖြစ်တဲ့ အနီးအနား ပတ်ဝန်းကျင်ကရွာပေါင်းစုံပေါ့။ တာလောကြီးမှာဖြစ်တော့ အဲဒီကလူတွေ အများစုပဲ။ သူတို့ကတော့ ရှမ်းကျောင်းကို သွားကြတယ်။ ရှမ်းတွေများတာကို။”

ကချင်တွေနဲ့ ရှမ်းတွေပေါ့။

“ဟုတ်ပါတယ်။ ကချင်တွေတော့ အများစုပေါ့။ ရှမ်းရွာတွေလည်းပါတယ်။”

ကလေးတွေ အမျိုးသမီးတွေ များလား။ ဘယ်လောက်ရှိလဲ။

“သူတို့တွေပဲ။ အများစုက သူတို့တွေပဲ။ ယောက်ျားလေးက နည်းတယ်။ ရွာပြန်ပြီး လယ်တွေဘာတွေ ပြန်သိမ်းတာတွေလည်း ရှိတာကို။ စပါးပြန်ရိတ်တာတွေလည်း ရှိတော့ အများစုက မိန်းကလေးနဲ့ ကလေးနဲ့ပဲ၊ ကလေးတွေက တော်တော်များတယ်။”

အခုအခြေအနေတွေ့လာတော့ နောက်ထပ်သွားလာဖို့တွေကော စဉ်းစားထားသေးလား။

“ကျနော်တို့ ကြိုးစားမယ်။ မြစ်ကြီးနား ၀ိုင်းမော် ဆိုးတယ်ဆိုပေမယ့် ကချင်ပြည်နယ်မှာ အကောင်းဆုံး ဒုက္ခသည်စခန်းတွေပါ။ ဗန်းမော်တို့ဘာတို့ဆို တော်တော်ဆိုးတယ်ပြောတယ်။ သွားမယ်ဆိုရင်တော့ ဗန်းမော်ဘက်က ဒုက္ခသည်စခန်းတွေကို သွားဖို့များတယ်။ ဗုံးတွေလည်း ကွဲနေတာပဲ။ တိုက်ပွဲသံတွေလည်း ကြားနေရတယ်။ ၀ိုင်းမော်နားတ၀ိုက်မှာဆို ကြားတောင်ကြားနေရတာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013