
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲက ဘိုးသာအောင်ချောင်း ချောင်းကမ်းပါးပြိုကျတာကြောင့် ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပေါက်တန်း၊ အလယ်စုကျေးရွာဘေးက ဖြတ်သန်းစီးဆင်းတဲ့ ဖိုးသာအောင်ချောင်းက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းကစပြီး တဖြည်းဖြည်း ကမ်းပါးပြိုကျလာခဲ့ရာက အခုဆိုရင် ဆိုင်ကယ်၊ စက်ဘီးတွေသွားဖို့ လမ်းမရှိတော့ပါဘူး။ ဒါကြောင့် ဒေသခံတွေ နာရေး၊ သာရေးနဲ့ ကျောင်းသား၊ သက်ကြီးရွယ်အိုတွေအတွက် သွားလာရေးခက်ခဲနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ထွေအုပ်၊ ကျေးလက်ဦးစီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံကို ဒေသခံလူ ၉၉ ယောက် လက်မှတ်ရေးထိုးပြီး အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လမ်းပြောင်းဖောက်ပေးဖို့အတွက် ကျေးရွာက ငွေစုပြီး ဒေသခံတွေထံက ခြံမြေတွေ ဝယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။
“အခုနှစ် ဘတ်ဂျက်ကတော့ မမီတော့ပါဘူး။ ဒါပေမယ့် နောက်နှစ် ဘတ်ဂျက်မှာ အဲဒီကိစ္စအတွက် သိန်း ၅၀ လွှတ်တော်ရန်ပုံငွေထဲကနေ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ကျန်တဲ့ငွေကိုတော့ ကျေးရွာက စုဆောင်းငွေနဲ့ ခြံတွေထဲကနေ လမ်းအသစ်တခု ဖောက်ပေးဖို့ စီစဉ်ပေးမှာ” လို့ ပေါင်းတည်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က ဒီဗွီဘီကို ပြောပါတယ်။
ပေါက်တန်း၊ အလယ်စုကျေးရွာက အိမ်ခြေ ၁၁၇ လုံးရှိပြီး မကြာခဏ ကမ်းပါးပြိုကျတဲ့ဒဏ်ကို ခံနေရပါတယ်။ အခုက တရွာလုံး အားပြုနေရတဲ့ လမ်းက ကမ်းပါးပြိုကျတဲ့အထဲကို ပါသွားတာကြောင့် အသုဘချဖို့နဲ့ သွားရေးလာရေး ခက်ခဲနေတာပါ။
လမ်းအသစ် ဖောက်လုပ်ဖို့အတွက်ကလည်း လူနေအိမ်ခြံတွေထဲကနေ ဖြတ်ပြီး ဖောက်လုပ်ရမှာ ဖြစ်တဲ့အတွက် ခြံရှင်တွေဆီက မြေဝယ်ရမှာပါ။ ကျေးရွာနေဒေသခံတွေ ငွေစုပြီး ဝယ်ရမှာ ဖြစ်ပေပမယ့် ခြံပိုင်ရှင်တွေနဲ့ ညှိနှိုင်းလို့ မရပါဘူး။
သတင်း - မင်းညို











