DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အမျိုးသားများရဲ့ ဥယျာဉ်မှူးကောင်းစိတ်နဲ့ လူ့ပတ်ဝန်းကျင် ငြိမ်းချမ်းရေး
DVB
·
January 28, 2017
အမျိုးသားများရဲ့  ဥယျာဉ်မှူးကောင်းစိတ်နဲ့ လူ့ပတ်ဝန်းကျင် ငြိမ်းချမ်းရေး
Donate to DVB

ရန်ကုန်မြို့ လှိုင်သာယာရပ်ကွက် တစ်နေရာက အိမ်တွင်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ နေရာတစ်ခုဆီ ကျနော် ရာက်ဖြစ်ခဲ့သည်။ အမျိုးသမီးတွေကို ကူညီပေးနေတဲ့အဖွဲ့က အမျိုးသမီးတဦး အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးများနှင့် မိတ်ဆက်ပေးသည်။ ကိုယ့်အမည်ကို ကိုယ်တိုင် ပြောဆို မိတ်ဆက်ကြသည်။

“ကျမနာမည် မဇာဇာအောင်ပါ။ ကျမ အခု ယောက်ျားရဲ့ နှိပ်စက်မှုတွေကို မခံနိုင်လို့ အိမ်ပေါ်က ဆင်းပြေးလာသူပါ” ဆိုပြီး ငိုသံ တ၀က်နဲ့ မိတ်ဆက်လာတဲ့ အသံကြားရလို့ ကျနော် သေချာနောက်ပြန် လှည့်ကြည့်လိုက်မိတယ်။

အသားအရေက ခပ်ညိုညို။ မျက်နှာက မေးရိုးကားကား။ ပါးပေါ်မှာ သနပ်ခါးပါးကွက်ကို တင်ထားသည်။ ပါးပေါ်တင်ထားသည့် သနပ်ခါးပါးကွက်ပေါ်ကိုတော့ သူမရဲ့ မျက်ဝန်းဆီက မြစ်ဖျားခံစီးလာတဲ့ မျက်ရည်မြစ်တွေ ဖြတ်သန်းထားသည့်အတွက် ပါးကွက်ပုံစံ မပီပြင် ဖြစ်နေသည်။ မျက်ဝန်းတွေက နီနေသည်။ မှုန်မှိုင်းနေသည်။

“ကျမ အခုငိုနေတာ သူ့ကို ချစ်လို့ မဟုတ်ပါဘူး။ ဖြစ်ခဲ့သမျှတွေကို ၀မ်းနည်းလွန်းလို့ပါ။ ပြီးတော့ ကျမနဲ့ သူနဲ့ ရခဲ့တဲ့ ကလေးလည်း ရှိသေးတယ်။ သူ့အတွက်လည်း စိတ်မကောင်းလို့ ကျွန်မ ငိုတာ” လို့ နီစွေးနေတဲ့ မျက်ဝန်းအစုံဆီက စီးကျနေတဲ့ မျက်ရည်တွေကို ထိန်းရင်း မဇာဇာအောင်က ပြောသည်။

သူမဟာ ရန်ကုန်မြို့ လှိုင်သာယာရပ်ကွက်မှာ မိသားစုနဲ့အတူ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရင်း မိသားစုကို ရှာဖွေကျွေးနေသူဖြစ်ပြီး ရန်ုကုန်နဲ့ မိုင် ၅၀ လောက် အကွာအဝေး တိုက်ကြီးမြို့နယ်က ရွာလေးတရွာမှာ အိမ်ထောင်ကျခဲ့သူ ဖြစ်သည်။

“ကျမ အိမ်ထောင်ကျတော့ ကျမအသက်က ၂၃ နှစ်လောက်ပဲ ရှိသေးတယ်။ ကျမ အဲဒီတုန်းက အခု ကျမ အိမ်ထောင်ကျခဲ့တဲ့ရွာကို အလုပ်သွားလုပ်ရင်း ကျမ ယောက်ျားနဲ့ တွေ့ခဲ့တာ။ သူက ကျွန်မထက် အသက်ကြီးတယ်။ ကျမမှာ လှိုင်သာယာမှာ ရည်းစားရှိတယ်လေ။ ကျမအဒေါ်ကနေတဆင့် ကမ်းလှမ်းလို့ ကျမအမေကလည်း တိုက်တွန်းလို့ သူနဲ့ ကျမ အိမ်ထောင်ကျခဲ့တာပါ။ ချစ်လို့ မဟုတ်ဘူး” လို့ မဇာဇာအောင်က ဆက်ပြောသည်။

“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့” ဆိုသည့် စကားအတိုင်း မဇာဇာအောင်တယောက် မိဘစကား နားထောင်မိခဲ့ပြီး အိမ်ထောင်ကျခဲ့သူဖြစ်ပေမယ့် သူမရဲ့ အိမ်ထောင်ရေးကတော့ သာယာတဲ့ အိမ်ထောင်ရေးတခု မဖြစ်ခဲ့ဘဲ မျက်ရည်နဲ့သာ ပေးဆပ်နေခဲ့ရကြောင်း သူမ နောက်ကြောင်းများက ပြောပြနေလေသည်။

“သူက အရက်သောက်တယ်။ ဒါပေမယ့် အိမ်ထောင်ကျစက မဆိုးဘူး။ တနှစ် နှစ်နှစ်လောက်ထိ အေးအေးဆေးဆေးပဲ။ စပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်လာတာက အခု သမီးလေး ကိုယ်ဝန် မွေးဖွားခါနီးမှာ စတာပဲ။ ဘာဖြစ်လို့ အဲလို ဖြစ်သွားတယ်ဆိုတာတော့ ကျမ မသိဘူး” လို့ လောကကို ရင်မဆိုင်ချင်တော့လောက်အောင် အားငယ်နေသည့် သဏ္ဌာန်ပေါ်နေတဲ့ မျက်ဝန်းတစုံကို ကြမ်းပြင်ဆီ အကြည့်ပို့လွှတ်ထားရင်း ပြောပြသည်။

ယောက်ျားဆိုရင် သူမ ကြောက်စိတ်တွေ ဖြစ်နေသည်။ ယောက်ျားဆိုရင် သူမ မယုံနိုင်တော့။ မယုံရဲတော့။ ယောက်ျားတွေကို သူမ ကြောက်နေမည်ဆိုသည်မှာလည်း သူမမှာ အကြောင်းပြချက်တွေအပြည့်နဲ့ ပေးဆပ်ခဲ့ရတဲ့ အိမ်တွင်းမျက်ရည်တွေက သက်သေပြနေသည်။

“အဲဒီနေ့က သူ ပြန်လာတုန်း ကျမက အိမ်မှာ ရှိမနေဘူး။ သူ့မိဘအိမ်မှာ သွားနေတယ်။ ကလေးက အိပ်နေလို့ ကျမလည်း အိမ်မပြန်လာသေးပဲ နေနေတာ။ အဲဒီမှာ သူက ပြန်လာပြီး ကျမ မရှိတော့ ဒေါသထွက်ပြီး ကျမကို ဆဲဆိုတယ်။ သူ့အဖေနဲ့ ပေးစားတယ်။ အဲဒီနေ့က ကျမ အရိုက်ခံရတယ်။ ကျမနားထဲက သွေးတွေတောင် ထွက်ကျလာတယ်။ ကျမ နားမကြားရတော့ဘူး” လို့ မဇာဇာအောင်က ဆက်ပြောသည်။

ကျနော်တို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် မဇာဇာအောင်ကဲ့သို့သော အမျိုးသမီးတွေ အဘယ်မျှ အရေအတွက် ရှိနေပြီလဲ စဉ်းစားစရာ ဖြစ်လာသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တနိုင်ငံလုံးအဆင့် ၂၀၁၆ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးသူငယ် မုဒိမ်းမှု ၄၀၀ ကျော် ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။

“အမျိုးသမီးတွေကို ကာကွယ်တာဆိုတာထက် လက်ရှိဥပဒေမှာလည်း အမျိုးသမီးတွေကို အပြည့်အ၀ ကာကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်မိသားစု ကိုယ့်အိမ်တွင်းမှာ အရာရာကို ငဲ့ကွက်ပြီး ဥပဒေနဲ့ ဖြေရှင်းမှု နည်းနေတာရယ် ပတ်ဝန်းကျင်အမြင်မှာ အမျိုးသမီးအကြမ်းဖက်ခံရရင် သူက ဖြစ်မှာပေါ့၊ ဘယ်လို နေတာကို၊ ဘယ်လို ၀တ်တာကို စသဖြင့် ပြောကြတာတွေရယ်ကြောင့် အမျိုးသမီးတွေ ကြိတ်မှိတ် ငိုကြွေးနေရတာတွေ များတယ်” လို့  မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အရာရှိတဦးက ပြောသည်။

မှန်ပါသည်။ အခုလို မဇာဇာအောင်ကဲ့သို့သော အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် တိတ်တဆိတ် မျက်ရည်တွေကို အဖော်ပြုနေရတဲ့ အမျိုးသမီးပေါင်း များစွာရှိနေကြပါလိမ့်မည်။ ဒီလို အဖြစ်တွေကြောင့် လူ့ပတ်ဝန်းကျင် မငြိမ်းချမ်းရခြင်း ဖြစ်ကြောင်းကိုလည်း ပညာရှင်အချို့က သုံးသပ်နေကြသည်။ အိမ်တွင်း မိသားစု အသိုက်အ၀န်းအတွင်း ပဋိပက္ခတွေထဲ မိဘတွေဟာ သရုပ်ပြတွေလို ဖြစ်လာပြီး သားသမီးတွေကပါ မြင်ပါ၊ ကြားပါ များလာခြင်းကနေ အိမ်တွင်း အကြမ်းဖက်မှုတွေဟာ သားသမီးတွေအတွက် အလေ့အထတွေ ဖြစ်လာနေသည်ကို တွေ့ရသည်။ ဒါတွေကို ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ ဘယ်လို ဆောင်ရွက်ကြမလဲ။ ငြိမ်းချမ်းတဲ့ လူမှုပတ်ဝန်းကျင်ဆီ ချဉ်းကပ်ဖို့ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စရပ်အများအပြားမှာ အိမ်တွင်း မျက်ရည်တွေကိုပါ နှစ်သိမ့် သုတ်ပေးဖို့ လိုအပ်နေပြီဆိုတာ အထင်းသား ထင်သာမြင်သာ ကိစ္စတရပ်အဖြစ် ပါဝင်လာနေပြီ ဖြစ်သည်။

“ကျမ သူနဲ့ ပြန်ပေါင်းဖို့ စိတ်ကူး လုံးဝ မရှိတော့ဘူး။ အခု ကျမ ထွက်ပြေးလာတယ်။ ကျမ သမီးလေးကိုလည်း ခေါ်ခဲ့တယ်။ သမီးလေးကလည်း ၃ နှစ်ခွဲရှိနေတော့ သိတတ်နေပြီ။ သူလည်း သူ့အဖေကို ကြောက်နေတယ်။ သူ့အဖေဆီကို ပြန်သွားဖို့ဆို အရိုက်ခံရမှာကြောက်တယ်။ မပြန်ချင်ဘူးပဲ ပြောနေတယ်။ ဒီတော့ ကျမဘ၀ သမီးနဲ့ အတူပဲ အေးအေးချမ်းချမ်းနေတော့မယ်” ဟု မဇာဇာအောင်က ဆက်ပြောသည်။

အကြောင်းမရှိ အကြောင်းရှာ အဖြေအရင်းအမြစ်မသိဘဲ တဖက်သတ် အနိုင်ကျင့်နေသည့် အိမ်တွင်းကိစ္စရပ်တွေ ငြိမ်းချမ်းမှ လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းမည် ဖြစ်သည်။ ယခင်ကတည်းက တရားဥပဒေတွေ ရှိနေပေမယ့် အမျိုးသမီးများ၏ ရေငုံနှုတ်ပိတ်နေမှုတွေကြောင့် အမျိုးသမီးအများစုအနေဖြင့် တိတ်တဆိတ် ကြိတ်ငိုနေတဲ့ မျက်ရည်တွေကိုသာ အဖော်ပြုနေခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ်အခြေအနေတွင် အမျိုးသမီးထုအတွက် အဖွဲ့အစည်းများလည်း များစွာ ပေါ်ပေါက်လာနေပြီဖြစ်သည်။ အမျိုးသမီးများကိုယ်တိုင်က အမျိုးသမီး၊ အမျိုးသားဆိုသည့် အယူအဆစွဲများကို ခွာချပြီး လူတယောက်၏ ရရှိနိုင်မည့် အခွင့်အရေးများကို တောင်းဆိုနိုင်ရန်လည်း အဖွဲ့အစည်းတွေက အသိပညာပေးမှုတွေ ဆောင်ရွက်နေကြသည်။

“အဲဒီလို အကြမ်းဖက်နည်းမျိုးစုံနဲ့ အကြမ်းဖက်ခြင်း ခံနေရတဲ့ အမျိုးသမီးတွေကို ကာကွယ်ဖို့ အခုဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲနိုင်ခဲ့ပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကို တင်ပြဖို့နဲ့ လွှတ်တော်ကို တင်ပြဖို့ မကြာခင် ပြုလုပ်သွားမယ်”လို့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါး က ဆိုသည်။

သို့သော် မည်သို့ပင် ဥပဒေများ ပြဋ္ဌာန်းရေးဆွဲစေမူလည်း လိုက်နာရမည်က အမျိုးသမီးများကိုယ်တိုင်၊ အမျိုးသားများကိုယ်တိုင်အပေါ်မှာသာ အဓိက မူတည်နေသည်။ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှု လျော့နည်းရေးအတွက် ဥပဒေက နာမည်တစ်ခုအဖြစ်သာ တနေရာက တာဝန်ယူပေးနိုင်ပါလိမ့်မည်ဟု သုံးသပ်သူများလည်း ရှိနေသည်။

ပန်းခင်းထဲက ပန်းပွင့်ကလေးတွေ တိတ်ကလေး ပိုးကိုက်ခံနေရသည်။ ငိုကြွေးနေရသည်။ ညှိုးနွမ်းနေသည်။ ပန်းပွင့်ကလေးတပွင့်ဖြစ်တဲ့ မဇာဇာအောင်။ အဖူးအငုံလေးဖြစ်တဲ့ သူမရဲ့ ၃ နှစ်ခွဲအရွယ် သမီးငယ်လေး ……. ။

မဇာဇာအောင်ကဲ့သို့ ပန်းပွင့်လေးတွေ လှပနေပြီး ဥယျာဉ်ကြီးတခုလုံး မွေးပျံ့နေဖို့ ပန်းတခင်း၊ ဥယျာဉ်တခုမှာ မဟုတ်ဘဲ လက်တွေ့လူမှု ပတ်ဝန်းကျင်မှာပင် ဥယျာဉ်မှူးကောင်းများ အထူး လိုအပ်နေပြီဆိုတာ ………… ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013