DVB Logo
Home
Lead Story
ပြည်တွင်းဖြစ်နိုင်ငံခြားသားများအရေး ဦးစားပေးစေလို
DVB
·
January 27, 2017
ပြည်တွင်းဖြစ်နိုင်ငံခြားသားများအရေး ဦးစားပေးစေလို
Donate to DVB

 

“ရေစုန်ဖြင့် အရပ်တပါးသို့ သွားကုန်သော  အရိမဒ္ဒနပြည်နေ သုံ့ပန်းဖြစ်ကုန်သော  အမျိုးလေးပါးတို့ကို အရှင်တြိဘုဝနာဒိတျဓမ္မရာဇာမင်း၏ အစွမ်းခွန်အားလုံ့လဖြင့် သူတို့သည် လျင်မြန်စွာ ရေဆန်ပြန်တက်လာ၍ အရိမဒ္ဒနပြည်၌ တဖန်မွေ့လျော်ကြကုန်လတ္တံ့။ ”

(ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိကျောက်စာ)

မြန်မာပြည်အရေးတော်ပုံမှာ “လှိုင်း သုံးလှိုင်း”ရှိတယ်။ ဒါတွေကတော့ ၁၉၈၈ အရေးတော်ပုံ ပထမလှိုင်း၊ ၁၉၉၆/၉၈ အရေးတော်ပုံ ဒုတိယလှိုင်း၊ ၂၀၀၇ ရွှေဝါရောင်တတိယလှိုင်းတို့ပဲ။ ဒီလှိုင်းသုံးလှိုင်းနဲ့ အရပ်တစ်ပါးရောက်ပြီး နိုင်ငံခြားသားဖြစ်သွားတဲ့သူတွေလည်း ကမ္ဘာအနှံ့။ မတတ်သာလို့ ထွက်ခွာသွားရပေမယ့် ကိုယ့်ရေ၊ မြေ၊ ကိုယ့်ဒေသကို တွယ်တာကြသူတွေချည်း။ ဘာကြောင့်ပဲဖြစ်ဖြစ် စေတနာကြောင့်ပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဘဝရှင်သန်ဖို့ ရေစိမ်း မြေစိမ်းမှာ သူတပါးနိုင်ငံသား ခံခဲ့ရတယ်။ အခုလို မင်းပြောင်းမင်းလဲ ခေတ်ပြောင်း ခေတ်လွဲမှာတော့ ကိုယ့်ဒေသပြန်နိုင်ရေးအတွက် မျှော်လင့်ချက်ကိုယ်စီနဲ့ အိပ်မက် မက်နေကြမှာပါ။ တချိန်တည်းမှာ အဲ့ဒီအိပ်မက်ကို “နိုင်ငံခြားသာများဆိုင်ရာ ဥပဒေကြမ်း”က ချေဖျက်လိုက်လေမလားဆိုတဲ့ စိုးရိမ်စိတ်တွေကလည်း ရှိနေကြမှာပါပဲ။

ဗိုလ်ကျော်ဇောလည်း ရွှေတိဂုံကို ဖူးမြော်ချင်ရက်နဲ့ ဦးတော်မတင်လိုက်ရပါဘူး။ ကဗျာဆရာကြီးဦးတင်မိုးလည်း တိတ်တခိုး အရိုးပြာသယ်ခဲ့ရ။ အချို့သော ၈၈ မျိုးဆက်တွေ ပြည်တော်ဝင်ချင်လျက် အဝင်ခက်လို့ မျက်ရည်စက်လက် လှည့်ပြန်ကြတဲ့သူတွေလည်း မနည်းပါပဲ။ ပဒေသရာဇ်ခေတ် အသိပညာမကြွယ်သေးတဲ့ခေတ်မှာတောင် ကျန်စစ်သားက အကြောင်းအမျိုးမျိုးကြောင့် တရပ်တပါး စွန့်ခွာထွက်သွားသူတွေကို ပြန်လည် လက်ကမ်းကြိုခဲ့တဲ့ သာဓကတွေ အထင်အရှားရှိခဲ့တယ်။ ဒီနေ့ အရပ်သားအစိုးရလက်ထက်မှာ ဘာကြောင့် မလုပ်ဆောင်သေးသလဲ။ ဘာကြောင့် ကြန့်ကြာနေသလဲ ဆိုတာတွေကလည်း ဝေဖန်သုံးသပ်ဖွယ်ရာပါ။

ဒီလိုနဲ့ ဒီဗွီဘီ (Law Lab) ရဲ့ အစီစဉ်အရ “နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်း”အပေါ် သုံးသပ်ချက် ရုပ်သံထုတ်လွှင့်မှုမှာ အစီစဉ်ဆင်ဆက်သူ ဦးခင်သန်းက ပါဝင်ဆွေးနွေမယ့်သူတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်ကတော့ နိုင်ငံခြားသားတွေ ခိုးဝင် ခိုးထွက်တွေကို ထိန်းချုပ်ဖို့လိုတယ်။ ဥပဒေမှာ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ ဆိုတာလောက်နဲ့ မလုံလောက်ဘူး။ တခြားနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား ခံယူသွားကြသူတွေကိုလည်း စဉ်းစားပေးသင့်တယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်စိုးပပလှိုင်ကတော့ နိုင်ငံခြားသား ဝင်လာကတည်းက ဘာအတွက်လာသလဲဆိုတာ အသေအချာ စစ်ဆေးသင့်တယ်။ စီးပွားရေးအရလား။ ဆွေမျိုးတွေဆီ အလည်လာသလား။ ရင်းနှီးမြှုပ်နှံဖို့လား ဆိုတာတွေကို အုပ်ချုပ်အစိုးရဘက်က အမြင်နဲ့ ဆွေးနွေးထားပါတယ်။

ဦသန်းနိုင်ဦးက ဆက်လက်ဆွေးနွေးရာမှာတော့ နိုင်ငံခြားသားဥပဒေရယ်၊ လုံခြုံရေးအဖွဲ့တွေရယ်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေရယ်က စစ်ဆေးခွင့်ရှိပါတယ်။ ဥပဒေနဲ့လည်း ညီပါတယ်။ ဒါ့အပြင် ဥပဒေအသစ်ဟာ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့လည်း ဆက်စပ်ပေးဖို့လိုပါမယ်လို့ ဆွေးနွေးသွားပါတယ်။ အဓိက ဆွေးနွေးကြတာကတော့ နိုင်ငံခြားသားအဝင်အထွက် ပြဿနာပါ။ ဥပဒေဟာ မပြည့်စုံသေးဘူးဆိုပေမယ့် ရှိနေတဲ့ ဥပဒေ ကိုယ်၌လည်း သက်ဝင်မှုနည်းပါးနေတယ်။ ပြဋ္ဌာန်းချက်ကို လိုက်နာမှုနည်းနေတာက နိုင်ငံခြားသားများဆိုင်ရာ ဥပဒေအတွက် စိမ်ခေါ်မှုတခု ဖြစ်နေပါတယ်လို့ ဆိုပြန်ပါတယ်။

နောက်တစ်ခုက တရားမဝင်ရောက်နေတဲ့ နိုင်ငံခြားသားအလုပ်သမား ကိစ္စတွေကလည်း ရှင်လင်းပြတ်သားတဲ့ စစ်ဆေးမှုကလည်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးကလည်း လျော့ရဲရဲ။ နေရာအနှံ့ ပြန့်ကားရောက်ရှိနေတယ်။ အချို့ဆိုရင် တိုင်းရင်သားဘာသာစကာ တမျိုးမှမပြောတတ်ဘဲ နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူတွေကလည်း ရှိနေပြန်ပါတယ်။ ဥပဒေ အသက်မဝင်မှုရယ်၊ အကျင့်ပျက် ခြစားမှုရယ်၊ အလုပ်တာဝန်အပေါ် နားမလည်မှုရယ် စတာတွေ ပေါင်းလိုက်တော့ မြန်မာနိုင်ငံဆိုတာ နိုင်ငံခြားတချို့တရားမဝင် အဝင်အထွက်လုပ်လို့ရတဲ့နိုင်ငံ တစ်ခုလို ဖြစ်နေ တာကို တွေ့လာရတယ်။

ဒါပေမယ့် “ပြည်တွင်းဖြစ် နိုင်ငံခြားသား”တွေနဲ့ ပတ်သက်တဲ့ ပြည်ဝင်ခွင့် ဗီဇာကိစ္စတွေမှာတော့ စိစစ်မှု တင်းကျပ်မှုတွေကတော့ ရှိနေဆဲပါ။ နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုခွင့် မပြောနဲ့၊ အလည်အပတ်ပြန်လာဖို့တောင် မလွယ်ကြပါဘူး။ အရင်အစိုးရလက်ထက်က ပြန်လည်နှင်ထုတ်ခြင်းခံခဲ့ရတဲ့ တချိန်က နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွပ်ရွပ်ချွန်ချွန် အကျိုးဆောင်ခဲ့ကြတဲ့သူတွေလည်း အခုအစိုးရသစ်လက်ထက်မှလည်း ပြန်လည် ဝင်ရောက်ဖို့ လျှောက်ထားခဲ့ကြပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဝင်ရောက်လာလည်ခွင့်တောင် ဆုံးရှုံးခဲ့ကြပါတယ်။

ဘယ်ခေတ်ကာလမှာမဆို တိုင်းပြည်အုပ်ချုပ်သူတွေအနေနဲ့ ခေတ်တခု ကူးပြောင်းတိုင်း အကြောင်းအမျိုးမျိုးနဲ့ မိခင်နိုင်ငံက ထွက်ခွာခဲ့ကြသူတွေကို ပြန်လည်လက်ကမ်း ခေါ်ယူလေ့ရှိကြပါတယ်။ တိုင်းပြည်အင်အားကို ဒီနည်းနဲ့ ပြန်လည်အင်အားဖြည့်တင်းခဲ့ကြတယ်။ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို ဒီလိုပဲ စုစည်းခဲ့ကြတာပါ။ သူတို့ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေ၊ ပညာရည်တွေ၊ လုပ်အားတွေ၊ အကြံဥာဏ်တွေဟာလည်း နိုင်ငံအတွက် အသုံးဝင် တန်ဘိုး တခုခုတော့ ရှိနေကြမှာပါ။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး ကာလတွေမှာ တိန်ရှောင်ဖိန်ဟာ ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို အဓိကထား ပြန်လည်ခေါ်ယူခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ပြည်ပရောက် တရုတ်နိုင်ငံသားတို့ရဲ့ ကာယအား၊ ဉာဏအားတို့နဲ့ ပြောင်းလဲ တည်ဆောက်လိုကြောင်း ထုတ်ဖော်ပြောခဲ့တာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အများပြည်သူတွေ လေ့လာအကြံပြုနိုင်အောင် ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်း” ဟာ “ပြည်တွင်းဖြစ် နိုင်ငံခြားသား”တွေအတွက် အဟန့်အတားတစ်ခု မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုလိုက်ရပါကြောင်း။

ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013