DVB Logo
Home
Lead Story
ပြည်သူလူထုရွေးချယ်တဲ့ပုဂ္ဂိုလ်ကို ကျနော်တို့ လက်ခံမယ် - စိုင်းညွန့်လွင်
DVB
·
January 26, 2017
ပြည်သူလူထုရွေးချယ်တဲ့ပုဂ္ဂိုလ်ကို ကျနော်တို့ လက်ခံမယ် - စိုင်းညွန့်လွင်
Donate to DVB

ရှမ်းပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီပြီးရင် ဒုတိယ အမတ်နေရာအများဆုံး ရထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် - အက်စ်အန်အယ်လ်ဒီ (ကျားခေါင်းပါတီ) ဟာ လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာလည်း အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီရဲ့ ကြိုတင်ပြင်ဆင်မှု၊ မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး ပါတီအထွေအထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - လာမယ့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အက်စ်အန်အယ်လ်ဒီ ကျားခေါင်းပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်မှာ ၅ နေရာ စုစုပေါင်း ၇ နေရာမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အနည်းဆုံး ဘယ်နှစ်နေရာမှာနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ - ကျနော်တို့ အားလုံးနိုင်အောင်တော့ ကြိုးစားနေပါတယ်။

မေး - ကျားဖြူပါတီကလည်း ၇ နေရာဝင်ပြိုင်ဖို့ရှိတယ်၊ နောက် အင်အားကြီးပါတီတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီအပြင် တခြား လူမျိုးစုပါတီတွေလည်း ဝင်ပြိုင်ဖို့ရှိနေတော့ ကျားခေါင်းပါတီရဲ့ အဓိကပြိုင်ဘက်က ဘယ်သူဖြစ်မလဲ။

ဖြေ - အားလုံးက ကျနော်တို့ရဲ့ ပြိုင်ဘက်တွေပါပဲ။ မဲပုံးယှဉ်ပြီး ထောင်ထားမှာဖြစ်တဲ့အတွက် အားလုံးပြိုင်ဘက်ပါပဲ။ ဒါပေမယ့် အဓိကကတော့ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို လက်ခံရဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုရွေးချယ်တဲ့ပုဂ္ဂိုလ်ကို ကျနော်တို့ လက်ခံမှာပါ။ တခြားပါတီတွေလည်း အဲလိုမျိုးလက်ခံဖို့ လိုအပ်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုစံနှုန်းတွေနဲ့  ဘယ်လိုပုဂ္ဂိုလ်တွေကို ရွေးချယ်ထားတာပါလဲ။

ဖြေ - နံပါတ်တစ် ဒေသခံပါ၊ နံပါတ်နှစ် တကယ်အလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပါ၊ တကယ်အလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ အရည်အချင်းတွေ အများကြီးရှိပါတယ်။

မေး - ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေက ဘယ်သူတွေလဲ။

ဖြေ - ၇ နေရာပြိုင်မယ်ဆိုတော့ ၇ ဦးပါ။ ကျိုင်းတုံမဲဆန္ဒနယ်မြေ ပြည်နယ်အဆင့် ၂ မှာ ဦးစိုင်းလုံ၊ မိုင်းရှူးမှာ ပြည်နယ်အဆင့်အတွက် စိုင်းလင်းမြတ်၊ နောက်တယောက်က နန်းကောင်ခမ်း၊ ပြည်သူ့လွှတ်တော်နေရာမှာ စိုင်းထွန်းအေး၊ ကျေးသီးမှာတော့ ပြည်သူ့လွှတ်တော်နေရာမှာ ဦးကျော်အောင်၊ ပြည်နယ်နေရာတယောက်က စိုင်းစမ်မိုင်း၊ နောက်တယောက်က စိုင်းခမ်းပိုင်ဖ (ခ) ခင်မောင်ညွန့် ဖြစ်ပါတယ်။

မေး - တကယ်လို့ ကျားဖြူပါတီအနေနဲ့ နေရာအားလုံးမှာ အနိုင်ရခဲ့မယ်ဆိုရင် ပြည်နယ်လွှတ်တော်မှာ  တစုံတရာ အပြောင်းအလဲ သက်ရောက်မှု ဘာရှိနိုင်မလဲ။

ဖြေ - သက်ရောက်မှု ကြီးကြီးမားမားရှိမယ်တော့မထင်ဘူး။ ဒါပေမယ့် အင်အားဖြည့်တဲ့အနေနဲ့တော့ ပိုပြီးတော့ အကြံဉာဏ်တွေရလာမယ်၊ ခေါင်း ၂ လုံးပိုလာမယ်၊ ခေါင်း ၅ လုံးပိုလာမယ်ပေါ့။

မေး - လက်ရှိအနေအထားမှာ ရှမ်းပြည်နယ်လွှတ်တော်မှာရော ပြည်ထောင်စုလွှတ်တော်မှာရော ပါတီကိုယ်စားပြု လွှတ်တော်အမတ်တွေရဲ့  စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ၊ ရှမ်းပြည်သူတွေရဲ့အကျိုးကို ဘာတွေလုပ်ဆောင်နိုင်ပါသလဲ။

ဖြေ - လောလောဆယ်မှာတော့ ထောက်ကူပြုအဖွဲ့တွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးလုပ်နေတယ်။ ထောက်ကူအဖွဲ့ကနေပြီးတော့ သက်ဆိုင်ရာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ သို့သော်လည်း အားရကျေနပ်မှုရတဲ့အထိတော့ ခရီးမရောက်သေးပါဘူး။ သို့သော်လည်းပဲ ကျနော်တို့ ရည်မှန်းထားချက် နီးပါးလောက်တော့ အလုပ်လုပ်နေကြတယ်။ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။

အဲဒီအတွက်လည်း သူတို့ကို အပြစ်တင်လို့မရပါဘူး။ ဘာလို့လဲဆို သူတို့က လူသစ်တွေဖြစ်နေတယ်။ ဥပဒေရေးရာနဲ့ပတ်သက်တဲ့ အရေးတွေ၊ ပညာရေးတွေ၊ ကဏ္ဍသိပ်များတယ်လေ လွှတ်တော်မှာဆိုရင်။ အဲဒီတော့ အားလုံးကို နှံ့စပ်ဖို့ဆိုတာ လောလောဆယ်မှာတော့ မနိုင်နိုင်သေးပါဘူး။ သို့သော်လည်းပဲ အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစားနေပါတယ်။ အက်စ်အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်အသီးသီးမှာ ပြန်ပြီးတော့ လေ့လာရင် တွေ့နိုင်ပါတယ်။

မေး - ရှမ်းပြည်နယ်လွှတ်တော်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်တဲ့အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ - အဲဒီတုန်းက ကျနော်တို့ ကိုယ်စားလှယ်တွေက ရှမ်းပြည်နယ်မှာတော့ အကုန်ကန့်ကွက်ခဲ့ပါတယ်။ သို့သော်လည်းပဲ တခြားတဘက်က ထည့်တဲ့မဲက သာတဲ့အတွက် ရှမ်းပြည်နယ်မှာတော့ အက်စ်အန်အယ်လ်ဒီကထည့်တဲ့ဘက်က ရှုံးနိမ့်ပါတယ်။ သို့သော်လည်း ဒီအဆိုသည် ပြည်ထောင်စုလွှတ်တော်မှာပေါ့နော်၊ နေပြည်တော်မှာရှိတဲ့လွှတ်တော်မှာ သူက ရှုံးထားပြီးသားဖြစ်တော့ ဒါက ဥပဒေကြောင်းအရဖြစ်ဖြစ်၊ အခြေခံဥပဒေကိစ္စ အငြင်းပွားဘွယ်ဖြစ်သလားတော့ မသိပါဘူး။ သို့သော်လည်း ကျနော်သိသလောက် ဒီကိစ္စ အကောင်အထည်ဖော်ဖို့ မရှိပါဘူး။

မေး - ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်အောင် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကျားခေါင်းပါတီအနေနဲ့ လက်ရှိ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြီး ဘာတွေလုပ်နေပါသလဲ။

ဖြေ - လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေနဲ့ တွေ့နိုင်အောင် ကျနော်တို့ ကြိုးစားပေးပါတယ်။ နောက်ပြီးတော့ သူတို့ မှန်မှန်ကန်ကန် ဆွေးနွေးဆုံးဖြတ်နိုင်အောင် အချက်အလက်တွေ ကျနော်တို့ ပို့ပေးပါတယ်။ နိုင်ငံရေးပါတီအနေနဲ့တော့ တိုက်တွန်းပေးမယ်။ ဖြစ်ရပ်မှန်တွေ တကယ့်ဖြစ်ရပ်တွေကို ပညာရှင်တွေနဲ့တွဲပြီးတော့ သူတို့ကို ရှင်းပြနိုင်တဲ့ အခြေအနေလောက်ပဲ ရှိပါတယ်။ ဒီထက်ပိုပြီးလုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။

မေး - ရှမ်းပြည်နယ်ထဲက ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိးတိုးတက်လာဖို့ လက်ရှိအစိုးရကို ဘာတွေတိုက်တွန်းတောင်းဆိုချင်ပါသလဲ။

ဖြေ - လက်ရှိအစိုးရအနေနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ သင့်တယ်။ ပြီးတော့ ပြည်နယ်တွေကို ဘတ်ဂျက်တွေ ပိုပြီးတော့ချပေးဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ဦးစိုင်းညွန့်လွင်ကို ကျေးဇူးတင်ပါတယ်။

(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် အမတ်နေရာ ၂၃ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမတ်နေရာပေါင်း ၄၀ အနိုင်ရခဲ့ပါတယ်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013