DVB Logo
Home
Lead Story
အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသမိုင်းမှ သတိရစရာ အခိုက်အတန့်များ
DVB
·
January 26, 2017
အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသမိုင်းမှ သတိရစရာ အခိုက်အတန့်များ
Donate to DVB

 

ဝါရှင်တန် (၁၇၈၉ ခုနှစ်)

အမေရိကန်ရဲ့ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်ဟာ နယူးယောက်မြို့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီတုန်းက နယူးယောက်ဟာ နိုင်ငံရဲ့ယာယီမြို့တော်ပါ။

 အမေရိကန်မှာ အရင်ကသမ္မတမရှိခဲ့ဘူးတာကြောင့် ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘယ်လို ကျင်းပသင့်တယ်ဆိုတာ ဥပဒေပြုအမတ်တွေ သဘောတူညီချက်မရနိုင်ခင် ဂျော့ဝါရှင်တန်ဟာ တပတ်ကြာ စောင့်ဆိုင်းလိုက်ရပါတယ်။

နောက်ဆုံးတော့ ဧပြီလ ၃၀ ရက်နေ့မှာ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတို့ဟာ အခြားဥပဒေပြုအမတ်တွေနဲ့အတူ အထက်လွှတ်တော်အဆောက်အဦမှာ စုဝေးခဲ့ကြပါတယ်။

သူတို့ဟာ လေသာဆောင်ရှိရာကို လမ်းလျှောက်သွားကြပြီး လူထုပရိသတ်ကို လက်ဝှေ့ယမ်းနှုတ်ဆက်ကြတယ်။

နောက်တော့ တရားသူကြီးက ဝါရှင်တန်ကို “အမေရိကန်ပြည်ထောင်စု သမ္မတရုံးကို သစ္စာရှိစွာ တာဝန်ယူထမ်းဆောင်ပါမည်” လို့ ကျိန်ဆိုဖို့ တိုင်ပေးပါတယ်။ အဲဒီစကားလုံးတွေဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားချက်အရ ဖြစ်ပါတယ်။

 တရားသူကြီးက ဝါရှင်တန်ကို သမ္မာကျမ်းစာအုပ်အပေါ်မှာ ကျိန်ဆိုစေချင်တာပါ။ ဒါပေမယ့် သူ့မှာ ကျမ်းစာအုပ် ပါမလာဘူးဆိုတာ နောက်ဆုံးသတိရလိုက်တယ်။ အဲဒီအခါ ဆက်သားတယောက်က သမ္မာကျမ်းစာအုပ်တအုပ်ကို အမြန်သွားငှားခဲ့ရပါတယ်။

ကျမ်းကျိန်ဆိုအပြီးမှာ ဝါရှင်တန်ဟာ အထက်လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောပါတယ်။ အဲဒီအထက်လွှတ်တော်အမတ်တွေထဲက တယောက်က သူ့ရဲ့ဒိုင်ယာရီမှာ အဲဒီမြင်ကွင်းကို ရေးထားပါတယ်။ ဝါရှင်တန်ဟာ စိတ်လှုပ်ရှားနေပြီး မသက်မသာဖြစ်နေပုံရတယ်လို့ ဝီလျံ မက္ကလေးက ရေးခဲ့ပါတယ်။ ဝါရှင်တန်ဟာ သူ့ရဲ့မိန့်ခွန်းကို တုန်တုန်ရီရီနဲ့ ခက်ခက်ခဲခဲ ဖတ်သွားခဲ့ပါတယ်။

အခမ်းအနားဟာ တိုတောင်းတယ်။ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးခဲ့တယ်။ မက္ကလေးရဲ့ အဆိုအရတော့ ကိုးရိုးကားရားနိုင်လှပါတယ်တဲ့။

ဂျက်ဖာဆန် (၁၈၀၁ ခုနှစ်)

တတိယမြောက်သမ္မတဖြစ်တဲ့ သောမတ်ဂျက်ဖာဆန်ကတော့ ပိုပြီးရိုးရှင်းတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အရင်သမ္မတနှစ်ယောက်က လုပ်ခဲ့သလို အခမ်းအနားကို ယာဉ်တစီးစီးနဲ့သွားခဲ့တာ မဟုတ်ဘဲ လမ်းလျှောက်သွားခဲ့ပါတယ်။

ကက်ပီတယ်  (လွှတ်တော်အဆောက်အဦ)ကို ဂျက်ဖာဆန်ရောက်တော့ ဧရာမလူအုပ်ကြီးက သူကို တွေ့ဆုံခဲ့ပါတယ်။ အရွေးကောက်ခံသမ္မတက သူ့ရဲ့မိန့်ခွန်းကို ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ဖာဆန် မိန့်ခွန်းပြောတော့ အသံက သိပ်တိုးလွန်းနေလို့ လူနည်းနည်းကပဲ သူ့မိန့်ခွန်းကို ကြားကြရပါတယ်။

ဒီနေ့ကာလမှာ ဂျက်ဖာဆန်ရဲ့ ပထမ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းဟာ အမေရိကန်တွေအကြားမှာ ထင်ရှားပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နိုင်ငံရေးပါတီတွေအကြား အရုပ်ဆိုးအကျည်းတန်တဲ့ အငြင်းပွားမှုတွေကို ဖြေလျှော့ဖို့ အဲဒီမိန့်ခွန်းရဲ့ ကြိုးစားအားထုတ်ထားချက်ကြောင့် ထင်ရှားကျော်ကြားတာ ဖြစ်ပါတယ်။

 ဒါပေမယ့် သိရသလောက်ကတော့ ရွေးကောက်ပွဲရဲ့ ခါးသီးတဲ့အရသာက ကျန်ရစ်ခဲ့ပါတယ်။ ဂျက်ဖာဆန်ရဲ့ ပြိုင်ဘက် အရင်သမ္မတဟောင်း ဂျွန်အက်ဒမ်စ်က ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ခဲ့ပါဘူး။ အခမ်းအနား မစခင်လေး မှောင်နဲ့မည်းမည်း အချိန်မှာပဲ အက်ဒမ်စ်ဟာ သူ့အထုပ်အပိုးတွေ ပြင်ဆင်၊ အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ပြီး ရထားလုံးတစီးနဲ့ ဘော့စတွန်ကို ပြန်သွားခဲ့ပါတယ်။

ဝီလျံဟင်နရီ ဟာရစ်ဆင် (၁၈၄၁ ခုနှစ်)

အမေရိကန်နိုင်ငံရဲ့ နဝမမြောက်သမ္မတ ဝီလျံဟင်နရီဟာရစ်ဆင်အကြောင်းမပါဘဲ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသမိုင်းအကြောင်းပြောရင် ပြည့်စုံမှာ မဟုတ်ပါဘူး။

ဟာရစ်ဆင်ဟာ သမ္မတတာဝန်ကို လက်ခံခဲ့တဲ့အဲဒီအချိန်တုန်းက အသက် ၆၈ နှစ်ရှိပြီး အသက်အကြီးဆုံးပုဂ္ဂိုလ်ပါ။ သူ ကျမ်းသစ္စာကျိန်ဆိုတဲ့အချိန်မှာ သူ့ရဲ့ကျန်းမာရေးဟာ သမ္မတ တာဝန် ထမ်းဆောင်ဖို့ သန်သန်မာမာပဲ ရှိသေးတယ်ဆိုတာ ပြချင်တဲ့အတွက် အလွန့်အလွန် ရှည်လျားတဲ့ မိန့်ခွန်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့တုန်းက သိပ်အေးပေမယ့် ဟာရစ်ဆင်ဟာ ကုတ်အင်္ကျီ မဝတ်ခဲ့သလို ဦးထုပ်လည်း မဆောင်းခဲ့ပါဘူး။

တလလောက်ကြာတော့ ဟာရစ်ဆင် ကွယ်လွန်ခဲ့ပါတယ်။ သမ္မတရာထူးတာဝန် ထမ်းဆောင်နေတုန်း ပထမဦးဆုံး ကွယ်လွန်တဲ့သမ္မတပါ။ သူ့ဆရာဝန်က ဟာရစ်ဆင်ဟာ အဆုတ်အအေးမိတဲ့ရောဂါနဲ့ သေတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ယေဘုယျအားဖြင့်တော့ သူ့ရဲ့မိန့်ခွန်းရှည်ကြီးက သူ့ကို သတ်လိုက်တာလို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ်က သုတေသီတွေ ဟာရီဆင်အမှုကို ပြန်သုံးသပ်ကြတော့ သူ သေရတာဟာ တခြားအကြောင်းကြောင့်လို့ ဆိုပါတယ်။ ဂျိန်းမက်ဟျုဂ်ျနဲ့ ဖိလစ်မက်ကိုဝိတ်တို့ ပြောတာက ဟာရစ်ဆင်ဟာ ကျမ်းသစ္စာ ကျိန်ဆိုအပြီး သုံးပတ်ကြာတဲ့အထိ မနာမကျန်း မဖြစ်သေးပါဘူးတဲ့။ နောက်ပြီး သူက အဆုတ်နာအကြောင်းကိုမပြောဘဲ ပင်ပန်းတာနဲ့ စိတ်ပူပန်တာကိုပဲ ညည်းတွားခဲ့တာပါလို့ ဆိုပါတယ်။

သုတေသီတွေ ထောက်ပြတာက အဲဒီကာလ ဝါရှင်တန်ဒီစီမှာ ရေဆိုးစွန့်စနစ်က သိပ်မကောင်းသေးပါဘူးတဲ့။ လူတွေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေဟာ အိမ်ဖြူတော်နဲ့ မနီးမဝေးက အများပြည်သူသုံးမြေပြင်ပေါ်ကို စွန့်ထုတ်ပစ်လိုက်တာပါလို့ နယူးယော့တိုင်းမ်မှာ ရေးသားဖော်ပြပါတယ်။ တချို့ဘက်တီးရီးယားပိုးတွေဟာ သမ္မတ အသုံးပြုတဲ့ ရေပိုက်တွေထဲကို ဝင်ပုံရတယ်လို့ ပြောကြပါစို့။ သုတေသီတွေရဲ့ သုံးသပ်ချက်အရ ဟာရီဆင်ဟာ ညစ်ညမ်းတဲ့ သောက်သုံးရေကြောင့် သေဆုံးရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။

ကယ်ဗင် ကူးလိုက်ဒ်ဂ်ျ (၁၉၂၃)

သမ္မတအားလုံးရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတိုင်းက သတိရစရာကောင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၃၀ ယောက်မြောက် သမ္မတ ကယ်ဗင်ကူးလိုက်ဒ်ဂ်ျရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကတော့ အမှတ်ရစရာအနည်းဆုံး ဖြစ်ပါလိမ့်မယ်။ ၁၉၂၃ ခုနှစ် သြဂုတ်လမှာ ကူးလိုက်ဒ်ဂ်ျက ဒုသမ္မတပါ။ သူ့မှာ တာဝန်ထမ်းဆောင်စရာလည်း များများစားစား မရှိလှတော့ ဗားမောင့်က သူ့ရဲ့မိသားစုနေအိမ်ကို အပန်းဖြေခရီးထွက်နေခဲ့ပါတယ်။

ညသန်းခေါင်ယံအချိန်ကျတော့ သူ့အဖေက သူ့ကို ကြေးနန်းစာတစောင် ယူလာပြရင်း အိပ်ရာကနှိုးပါတယ်။ အဲဒီကြေးနန်းစာထဲမှာ သမ္မတ ဝါရင်းဟာဒင်း ကွယ်လွန်သွားပြီ။ ဒါကြောင့် ကူးလိုက်ဒ်ဂ်ျသမ္မတ ဖြစ်ပါပြီလို့ ဆိုပါတယ်။

ကူးလိုက်ဒ်ဂ်ျက သူ့ရဲ့ဒိုင်ယာရီမှာ ရေးမှတ်ထားခဲ့တာက သူ ပထမဆုံးလုပ်ဖြစ်တာက အားလုံးရပ်လိုက်ပြီး ဆုတောင်းမေတ္တာပို့သတဲ့ကိစ္စပါ။ အဲဒီနောက် အခြေခံဥပဒေစာအုပ်ထဲက ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားကို ရှာပါတယ်။ အဲဒါကို သူ့အဖေကို ပေးလိုက်ပြီး တိုင်တည်စေပါတယ်။ မိသားစုအိပ်ခန်းထဲက ရေနံဆီမီးအိမ်အလင်းရောင်အောက်မှာပဲ သမ္မတ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ နောက်နာရီဝက်လောက်ကြာမှာတော့ သမ္မတသစ်ဟာ အိပ်ရာ ပြန်ဝင်ခဲ့ပါတော့တယ်။

လင်ဒန်ဂျွန်ဆင် (၁၉၆၃ ခုနှစ်)

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမေရိကန်တော်တော်များများက ဂျွန်အက်ဖ်ကနေဒီ ကွယ်လွန်သွားပြီးနောက် တနာရီခွဲအကြာမှာ ဇာတ်ဟန်ပါပါ စိတ်လှုပ်ရှားစရာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ၃၆ ယောက်မြောက် သမ္မတ လင်ဒန်ဂျွန်ဆင်ကို သတိရနေကြပါလိမ့်မယ်။

အခမ်းအနားကို ဂျွန်ဆင်ရဲ့ လူသိထင်ရှား အမှတ်သင်္ကေတတခုဖြစ်တဲ့ အဲယားဖို့စ်ဝမ်း သမ္မတလေယာဉ်ပေါ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဂျွန်ဆင်က လက်ထဲမှာ သမ္မတကျမ်းကျိန်လွှာကို ကိုင်မြှောက်ထားပါတယ်။ သူ့ဇနီးက တဖက်၊ သမ္မတဟောင်းရဲ့ဇနီး မုဆိုးမဂျက်ကလင်းကနေဒီက တခြားတဖက်မှာ ရပ်နေခဲ့တာပါ။ တိုင်တည်ပေးတဲ့ တရားသူကြီးကလည်း အမျိုးသမီးတယောက်ပါပဲ။ သူမကတော့ ပထမဆုံး အမျိုးသမီးတရားသူကြီး ဖြစ်သလို အမေရိကန်သမ္မတကို ကျမ်းကျိန်လွှာတိုင်တည်ပေးရတဲ့ တဦးတည်းသော အမျိုးသမီး တရားသူကြီးလည်း ဖြစ်ပါတယ်။

မစ္စစ်ကနေဒီရဲ့ မျက်နှာပေါ်မှာ တုန်လှုပ်ချောက်ချားနေတာကို ဖော်ပြနေတဲ့အတွက် ဒီပုံရိပ်က လူသိထင်ရှား ကျော်ကြားလှပါတယ်။ အဲဒီအချိန်အထိ သူမဝတ်ထားတဲ့ ဝတ်စုံဟာ ခင်ပွန်းသည် ပစ်သတ်ခံရတဲ့အချိန်မှာ ဝတ်ထားတဲ့ဝတ်စုံပဲ ဖြစ်နေပါသေးတယ်။

ဒီပုံရိပ်က သမ္မတသစ်တယောက် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ထမ်းဆောင်နေပြီဆိုတာ အမေရိကန်ပြည်သူလူထုကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဗရုတ်ဗရက် အခိုက်အတန့်မှာတောင် အမေရိကန် အစိုးရအနေနဲ့ ဆက်လက်ရပ်တည်သွားနိုင်တယ်ဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်တယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ လွဲမှားသွားတဲ့အခါ

ဒါပေမယ့် အမေရိကန်အစိုးရဟာ အမြဲတမ်း ချောချောမွေ့မွေ့ စီစဉ်ဆောင်ရွက်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။

ကျမ်းသစ္စာကျိန်ဆိုပွဲ အတော်များများက တလွဲတွေ ဖြစ်ခဲ့ပါတယ်။

၁၈၂၉ ခုနှစ်က အိမ်ဖြူတော်မှာ အင်ဒရူးဂျက်ဆင် ကျမ်းသစ္စာကျိန်ဆိုပြီးတော့ ထောက်ခံသူတွေက သမ္မတသစ်ကို လက်ဆွဲနှုတ်ဆက်ဖို့ သိပ်ကို စိတ်အားထက်သန်နေကြလို့ စုပြုံတိုးလိုက်တာ သူ့ကို နံရံနဲ့ ဖိညှပ်လုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ဂျက်ဆင်ဟာ လူအုပ်ကြီးထဲက လွတ်ထွက်ဖို့ ပြတင်းပေါက်တခုကနေ ခုန်ထွက်ပြေးခဲ့ရပါတယ်။

၁၈၆၅ ခုနှစ်မှာကျတော့ နောက်ထပ် အင်ဒရူးတယောက်ဖြစ်တဲ့ အင်ဒရူးဂျွန်ဆင်ဟာ သူ့ရဲ့ ဒုတိယသမ္မတ မိန့်ခွန်းကို အရက်မူးမူးနဲ့ ခြွေခဲ့ပါတယ်။ သူ ဆင်ခြေပေးတာကတော့ နေလို့သိပ်မကောင်းတာကြောင့် ဝီစကီကို ဆေးအဖြစ် သောက်ခဲ့တာပါတဲ့။

၁၈၇၃ ခုနှစ်က ယူလီဆီ အက်စ်ဂရန့်ကတော့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အထိမ်းအမှတ်ကပွဲမှာ ငှက်တွေကို လွှတ်ပေးချင်တာပါ။ ကံမကောင်းချင်တော့ အဲဒီနေ့က သိပ်အေးလွန်းလို့ ငှက်တွေဟာ သွေးခဲပြီး သေကုန်ပါ တော့တယ်။

အဲဒီလိုပါပဲ ၁၉၇၃ ခုနှစ်မှာ ရစ်ချတ်နစ်ကဆင်က ကျမ်းသစ္စာကျိန်ဆိုတဲ့ စင်္ကြန်လမ်းတလျှောက် ခိုတွေ မလာနိုင်အောင် ရည်ရွယ်ပြီး ဓာတုပိုးသတ်ဆေးရည်တွေ ဖျန်းခဲ့ပါတယ်။ တနည်းတော့ သူ အေအာင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် ကျန်းသစ္စာကျိန်ဆိုတဲ့နေ့ရောက်တော့ ပင်ဆီလ်ဗေးနီးယား ရိပ်သာလမ်းတလျှောက် ငှက်သေကောင်တွေအပေါ်ကို လူအုပ်ကြီးက နင်းပြီး လျှောက်ကြရပါတော့တယ်။

ရဲထွန်း(သီပေါ)

“The making of a nation” By Jean Kelly and Anne Ball.

မှ Memorable Moments in U.S Inaugration History ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013