DVB Logo
Home
မြန်မာသတင်း
တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရမှုများဆက်လက်ဖြစ်ပွားနေ
DVB
·
January 26, 2017
တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရမှုများဆက်လက်ဖြစ်ပွားနေ
Donate to DVB

တရုတ်ပြည်ဘက်ကို မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရတာတွေ လျော့နည်းမသွားဘဲ ဇနီးမယားအဖြစ် လက်ထပ်ခေါ်ဆောင်တဲ့ နည်းလမ်းနဲ့ လူကုန်ကူးမှုတွေဆက်ရှိနေဆဲပဲလို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က လူကုန်ကူးမှုပေါင်း ၁၃၀ ဖော်ထုတ်နိုင်ခဲ့ပေမယ့်  မြန်မာအမျိုးသမီးငယ်တွေ တရုတ်နဲ့ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံနေရာတွေကတော့ ဆက်ရှိနေတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးစီးအရာရှိ ပထမတန်း ဒု ရဲမှူးကြီး သက်နောင်က ပြောပါတယ်။

“ ပထမအများဆုံး ဆက်စပ်ဖြစ်ပွားတာက တရုတ်နိုင်ငံနဲ့ပါ။ ဒုတိယကတော့ ထိုင်းပါ။ ဖြစ်ပွားတဲ့ ပုံစံအနေနဲ့ တရုတ်နိုင်ငံသားတွေနဲ့ အဓမ္မလက်ထပ်ထိမ်းမြားတဲ့အမှုက အများဆုံးဖြစ်ပါတယ်။  ထိုင်းနိုင်ငံနဲ့ ဆက်စပ် ဖြစ်ပွားတာ ကတော့ လုပ်အားခေါင်းပုံဖြတ်တဲ့ ကိစ္စတွေ၊ ပြည့်တန်ဆာပြုခံရတဲ့ ကိစ္စတွေ အများဆုံး တွေ့ရ ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်စပ်ဖြစ်တာတွေ လျော့မသွားတာကလည်း ဟိုဘက်က ဝယ်လိုအား များတယ်။ သတို့သမီး လိုအပ်ချက်တွေ ရှိနေတယ်”

ရှမ်းပြည်နယ်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ လူကုန်ကူးခံရတာ အများဆုံးဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၂၀ ဝန်းကျင် လူငယ်အမျိုးသမီးတွေ တရုတ်နိုင်ငံကို လက်ထပ်ခေါ်ယူတာ ခံနေရတာပါ။

“ကိုယ်တိုင်သဘောတူပြီး လိုက်ပါသွားတာ။ တရုတ်  နိုင်ငံသားက မြန်မာနိုင်ငံကို တရားဝင် ဝင်လာတယ်။ ဝင်လာပြီး တရားဝင် လက်ထပ်ထပ်ယူသွားတယ်။ ပြီးတော့ လေယာဉ်နဲ့ပဲ ပတ်စ်ပို့နဲ့ လိုက်သွားတာတွေ တွေ့ရတယ်၊ ကလေးမတစ်ယောက်နဲ့ဆိုရင် အွန်လိုင်းမှာ ချိတ်ဆက်မိပြီးတော့ သိလိုက်ရတာက ဒီမှာ လက်ထပ်စရိတ် အဖြစ်ပေးတာက သိန်း ၃၀၊ ပွဲစားယူလိုက်တာ သိန်း ၂၀၀ ကျော်၊ သိန်း ၃၀၀ လောက် ပေးရတာတွေ့ရတာ။ ဒါဟာ လူကုန်ကူးမှု နည်းလမ်းအသစ်ဖြစ် တွေ့ရတယ်” လို့ ဒုရဲမှူးကြီး သက်နောင်က ပြောပါတယ်။

မြန်မာ ရဲတပ်ဖွဲ့အနေနဲ့ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက်ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ဖို့ လူအင်အား၊ နည်းပညာအင်အားတွေ လိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် က မြန်မာနိုင်ငံမှာ လူကုန်ကူးမှုပေါင်း ၁၃၀ ဖြစ်ခဲ့တဲ့အထဲမှာ  ကလေး ၉၇ ယောက် ပါဝင်တယ်လို့  အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီအမှုတွေအတွက် တရားခံ ၂၄၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူး ခံရသူပေါင်း ၅၆၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013