
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတာနဲ့အတူ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွေ ဟာလည်း သီတင်း ၃ ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာခဲ့ပါတယ်။
ရန်ကုန်တိုင်းရဲ့ ရည်ညွှန်းဈေးနှုန်းတွေအရ စက်သုံးဆီအမျိုးအစားအလိုက် တလီတာကို အနည်းဆုံး ၂၃၅ ကျပ် ကနေ အများဆုံး ၁,၆၈၅ ကျပ်အထိ ကျဆင်းလာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်းက နေ ၂၂ ရာခိုင်နှုန်းအထိ ပြန်လည်လျော့ကျလာတာ တွေ့ရပါတယ်။
အခုလို လောင်စာဆီဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ လျော့ကျ လာနိုင်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေပါ သက်သာလာမယ်လို့ မျှော်လင့်ထား ကြပေမဲ့ လက်ရှိအချိန်ထိတော့ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ သိသာတဲ့ ကျဆင်းမှုမျိုး မတွေ့ရသေးပါဘူး။
အထူးသဖြင့် နေ့စဉ် မဖြစ်မနေ ဝယ်ယူသောက်သုံးနေရတဲ့ သောက်ရေသန့်ဘူး ဈေးနှုန်းတွေက လည်း ပြန်မကျသေးတာကြောင့် ဝင်ငွေနည်း ပြည်သူတွေအတွက် စားဝတ်နေရေးဖိအား ပိုတိုးလာ နေပါတယ်။
ရန်ကုန်မြို့ နေထိုင်သူတယောက်က “ရေသန့်ဘူးဈေးတွေက တောက်လျှောက်တက်တာ၊ တဘူး ကျပ် ၁,၇၀၀ လောက်ကနေ အခုဆိုရင် ၂,၅၀၀ အထိ ဖြစ်နေပြီ။ ကျနော်တို့အိမ်ဆို လူများတော့ တနေ့ တဘူးနီးပါးလောက် ကုန်နေတာ။ ရေတောင် ချွေတာသောက်နေရတယ်” လို့ ပြောပါတယ်။
သောက်ရေသန့်ဈေးတွေ မြင့်တက်နေတာကတော့ စက်သုံးဆီဈေးတက်လို့ ပို့ဆောင်စရိတ် များလာတာ၊ လျှပ်စစ်မီးမမှန်လို့ မီးစက်နဲ့ ထုတ်လုပ်ရတာကြောင့် စရိတ်တက်တာ၊ နောက်ပြီး ဘူးခွံနဲ့ ကုန်ကြမ်းပစ္စည်းဈေးတွေပါ တက်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သောက်ရေသန့် လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ပြည်တွင်းလက်လီဈေးကွက်မှာ ဆန်ဈေးနှုန်းတွေကလည်း အမြင့်ဈေးမှာပဲ ဆက်ရှိနေပြီး ဆန်ချော တအိတ်ကို ကျပ် ၂ သိန်းနီးပါးအထိ ပေါက်ဈေးရှိနေပါတယ်။
အခြေခံလူတန်းစားတွေ စားသုံးတဲ့ ဆန်ကြမ်းတပြည်ရဲ့ အနိမ့်ဆုံးဈေးနှုန်းက ၄,၀၀၀ ကျပ် ဝန်းကျင် မှာ ရှိနေပါတယ်။
စက်သုံးဆီဈေးကတော့ ပြန်ကျလာပေမဲ့ ဆန်၊ ဆီ၊ အသား၊ ငါးနဲ့ ဥအမျိုးမျိုးအပါအဝင် အခြေခံ စားသောက်ကုန်တွေဟာ ဈေးနှုန်းကျဆင်းလာခြင်း မရှိဘဲ ဟင်းရွက်နဲ့ ကုန်စိမ်းအမျိုးမျိုးလည်း ဈေးမြင့်နေဆဲ ဖြစ်ပါတယ်။
အဲဒီအတွက် ပြည်သူတွေက နေ့စဉ်စားဝတ်နေရေးမှာ ဈေးမြင့်တက်မှုဒဏ်ကို ဆက်ပြီးခံနေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။










