DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မုံးကိုးသင်းထောက်ဆရာ ၂ ဦးကို ရဲစခန်းကို လွှဲပြောင်းအမှုဖွင့်
DVB
·
January 25, 2017
ဖမ်းဆီးခံ မုံးကိုးသင်းထောက်ဆရာ ၂ ဦးကို ရဲစခန်းကို လွှဲပြောင်းအမှုဖွင့်
Donate to DVB

စစ်တပ်ကဖမ်းဆီးထားတဲ့ မုံးကိုးကချင်နှစ်ခြင်းခရစ်ယာန် သင်းထောက်ဆရာ ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးကို ဒီကနေ့ အရပ်ဖက်ရဲစခန်းကိုလွှဲပြောင်းပြီး မတရားသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်ထားလိုက်ပါတယ်။

သင်းထောက်ဆရာ ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မခရ ၉၉ က စစ်တပ်အရာ ရှိတွေက မနေ့က မူဆယ်မြို့မရဲစခန်းကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး ခမရ ၉၉ က ဗိုလ်မှူး ကျော်ဇင်ထွန်း တရားလိုလုပ်ပြီး အမှု ဖွင့်သွားတယ်လို့ မူဆယ်မြို့မရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။

“သူ့က မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁၊ ၂) နဲ့ တရားစွဲဆိုထားတယ်။ ဗိုလ်မှူးကျော်ဇင်ထွန်း ကနေပြီး တရားလိုလုပ်ပြီး အမှုလာဖွင့်တာ။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ သူတို့ တရားလိုလုပ်ပြီး အမှုဖွင့်တော့ ရဲကတော့ အမှုစစ်ပြီး တရားရုံးတင် တရားရုံးလွှဲပေး ဒါပဲရှိတယ်။”

ဒီကနေ့ မူဆယ်ရဲစခန်းကို သွားရောက်တွေ့ဆုံခဲ့တဲ့ မုံးကိုးမြို့ မိုးမောက်နယ် သိက္ခာတော်ရ ဆရာတော် ဦးဇောင်ရာကတော့ သူတို့ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ သူတို့မှာ အပြစ်မရှိကြောင်း ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“သူတို့ကတော့ သူတို့ အပြစ်မရှိတဲ့အကြောင်း၊ သူတို့ မလုပ်တဲ့အကြောင်းပေါ့။ ကျနော်တို့လည်း အဲလိုပဲ မြင်တယ်။ ကျနော်တို့ ဘာသာရေးဆိုတာ တကယ်လက်နက်ကိုင်ပြီးတော့ အားပေးနေတဲ့ဟာ ကြီးလည်း မဟုတ်ဘူးလေ။ ဆိုတော့ ကျနော်တို့ကတော့ အဲလို ဖမ်းဆီးထားတာတော့မဖြစ်စေချင်ဘူး။ ၁၇ (၁)တို့ဘာတို့နဲ့ အမှုစွဲတာတို့တော့ မဖြစ်စေချင်ဘူးပေါ့။”

ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ဟာ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အကြမ်းဖက်သောင်း ကျန်းသူတွေအတွက် ငွေကြေးထောက်ပံ့ကူညီတာ၊ သတင်းပေးတာ၊ လူသစ်စုဆောင်းပေးတာနဲ့ မဟုတ်မမှန်လုပ်ကြံ ၀ါဒဖြန့်တာတွေကြောင့် ဖမ်းဆီးခဲ့တာလို့ ဇန်န၀ါရီလ ၂၀ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သင်းထောက်ဆရာ ၂ ဦးဟာ ပြီးခဲ့တဲ့ခရစ္စမတ်နေ့ မတိုင်ခင်တရက်မှာ နယ်မြေခံ မြန်မာ့တပ်မတော်ရဲ့ ဗျူဟာကုန်းအနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူတို့တွေဟာ မုံးကိုးတိုက်ပွဲကာလတွေမှာ အဲဒီဒေသကို သွားရောက်သတင်းယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက်အပါအ၀င် တခြား သတင်းဌာနက သတင်းသမား တွေကို ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေ လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013