DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ၃ ရက်အတွင်း လူ ၂၀ ကျော် ခွေးရူးကိုက်ခံရ
DVB
·
January 23, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် မြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်ထိ ၃ ရက်အတွင်း ခွေးရူးကိုက်ခံရသူပေါင်း ၂၀ ကျော် ရှိခဲ့ပါတယ်။

ဝမ်းတွင်း မြို့ပေါ်နဲ့ ပင်းတလဲရွာ၊ လိမ်ပင်ရွာ၊ ထနောင်းကုန်းရွာ စတဲ့ရွာတွေမှာ လူပေါင်း ၂၀ ကျော် ခွေးရူးအကိုက်ခံခဲ့ရတာပါ။

“ဝမ်းတွင်းဈေးကြီးနားမှာ ခွေးရူးကို ရိုက်သတ်လိုက်တာ မသေဘဲ ဘေးပတ်လည်က လူတွေကို မည်းမည်းမြင်ရာ ကိုက်တော့ ကျနော်လည်း အကိုက်ခံလိုက်ရတယ်။ ဆေးရုံသွားပြီး ကာကွယ်ဆေး ထိုးထားရတယ်” လို့ ဝမ်းတွင်းမြို့ အလယ်ဂိတ်နေသူ ကိုညိုကြီးက ပြောပါတယ်။

မြေစာရင်းဦးစီးဌာနဝန်ထမ်းဖြစ်သူ ကိုမျိုးမင်းထွန်းက “လိမ်ပင်ရွာ ရေလယ်ကျောင်းဘက်ကနေ ခွေးရူးက အောင်မင်္ဂလာရပ်ကွက်ထဲ ရောက်လာပြီး လူ ၁၅ ယောက်လောက် ကိုက်သွားတယ်။ ခွေးမွေးသူတွေအနေနဲ့ ခွေးကို ခွေးရူးကာကွယ်ဆေး ထိုးပေးထားသင့်တယ်။ ခွေးရူးကိုက်မှ လက်မောင်းကို ကာကွယ်ဆေးထိုးရတယ်။ အလကားထိုးပေးတာပါ။ ခွေးကို ထိုးပေးထားတာက ပိုကောင်းတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ဆေးရုံအုပ် ဆရာဝန်ကြီးက “သောကြာနေ့ကတော့ ခွေးရူးပြန်ကာကွယ်ဆေး ၇  ယောက် လာထိုးတာ သိရတယ်။ ဒီနောက်ပိုင်းရက်တွေလည်း လာပြီးထိုးကြတယ်လို့တော့ သိရတယ်။ စာရင်းသေချာမကြည့်ရသေးတော့ အတိအကျပြောမရသေးပါဘူး” လို့ ပြောပါတယ်။

ပင်းတလဲကျေးရွာနေ အောင်သာကျောင်းအုပ်ဆရာကြီး ဦးတွတ်က “ရွာမှာလည်း ခွေးရူးဆိုတာနဲ့ ဆိုင်ကယ်ပေါ် တုတ်တွေ၊ ဓားတွေတင်ပြီး ရေကန်ထဲ မောင်းချပြီး သတ်လိုက်ကြ တယ်။ ခွေးရူးလိုက်ရတာ ပျော်စရာကောင်းတယ် ပြောကြတယ်။ အကိုက်ခံရသူတွေကတော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ ကာကွယ်ဆေးသွားထိုးကြတယ်” လို့ ပြောပါတယ်။

“လူတွေကို ကိုက်သွားတဲ့ ခွေးရူးကတော့ သေသွားပါပြီ။ ထပ်မဖြစ်အောင် လုပ်ဆောင်နေပါတယ်” လို့ ဝမ်းတွင်း ၁-ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013