
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ လူထုစောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး ပစ်ခတ်သတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားအောင် လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ဖားကန့်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။
မကြာသေးခင်က ကျောင်းဆရာတဦး သတ်ဖြတ်ခံရမှု အပါအ၀င် ဖားကန့်ဒေသမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး တရားခံလည်း မပေါ်တဲ့အတွက် အခုလို လူထုစောင့်ကြည့် အဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်ဖို့ စိုင်းပြင်းကြတာလို့ သူက ပြောပါတယ်။
“စောင့်ကြည့်ရေးအဖွဲ့ဗျာ၊ တတိယပါတီပေါ့။ ရွာတရွာမှာ လူ နှစ်ဆယ်-သုံးဆယ်- လေးငါးဆယ်နဲ့ ဖွဲ့ပြီးတော့မှ လူထုပါဝင်လှုပ်ရှားပြီးတော့မှ အစိုးရလည်း လုပ်လို့ကိုင်လို့ ကောင်းမှာလေ။ အာဏာရှိတဲ့ သူတယောက်တည်းနဲ့ ထိန်းလို့မရတော့ အားလုံး ကွန်ရက်တွေ ဖွဲ့ပြီးလုပ်ဖို့ ကြိုးစားနေကြတယ်။”
ဒေသတွင်းရှိ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ဒေသခံလူထုနဲ့ ဖွဲ့စည်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။
သူတို့ ဒေသမှာ စစ်မက်ဖြစ်ပွားနေပြီး တရားဥပေဒစိုးမိုးမှု မရှိတာကြောင့် အခုလို ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာလို့ ကချင်ဒေသခံတွေက ပြောပါတယ်။
ကျောင်းဆရာတဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့အားလုံးက သူတို့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆန်ထားကြပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ သူတို့ဒေသမှာရှိတဲ့ လုံခြုံရေးအင်အားကို ခုလို ပြောပြပါတယ်။
“စစ်တပ် တပ်မကြီး ၁ ခုရှိတယ်၊ တပ်ရင်း ၁၀ ရင်း ရှိတယ်ဗျာ၊ နောက် ရဲတပ်ရင်းလည်း ၄ ရင်း ရှိတယ်ဗျာ။ အဲ့ဒီသူတွေက တကယ် ထိထိရောက်ရောက် လှုပ်ရှားရင် ဒါမျိုးတွေ မဖြစ်နိုင်ဘူးလေဗျာ။”
ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ကျောက်ကုန်သည် စီးပွားရေးသမားတွေနဲ့ ရေမဆေးကျောက်ရှာသမားတွေ ကျင်လည်ရာ နေရာတခုဖြစ်ပြီး တရားခံမပေါ်တဲ့ လူသတ်မှုတွေ၊ မြေစာပုံပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်။











