DVB Logo
Home
Lead Story
အကြမ်းဖက်နွံအိုင်ထဲက နိုင်ငံ့အရင်းအမြစ်များ
DVB
·
January 21, 2017
အကြမ်းဖက်နွံအိုင်ထဲက နိုင်ငံ့အရင်းအမြစ်များ
1 / 2
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာအပါအ၀င် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် အိမ်တွင်း အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသမီးရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့စာရင်းတွေ အရ သိရပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရလည်း ၂၀၁၆ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၇၀၀) ကျော် ဖြစ်ပွားခဲ့ပြီး အသက် (၁၆) နှစ်အောက် ကလေးသူငယ် မုဒိမ်းမှု (၄၀၀) ကျော် ရှိနေတာကို တွေ့ရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတွေအရ အမျိုးသမီး သုံးဦးမှာ နှစ်ဦးဟာ အကြမ်းဖက်မှုပုံစံ တမျိုးမျိုးကို ခံစားဖူးသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပြီး အိမ်တွင်းအကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တစ်ခုခုကို ခံစားရဖူးသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူရေး မဟာမိတ်အဖွဲ့မှ ပဲ့ကိုင်ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်းက “အမျိုးသမီးတွေမှာ နေ့စဉ်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်။ အိမ်တွင်းအကြမ်းဖက်တာ ခံရတယ်။ လိင်အကြမ်းဖက်တာ ခံရတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ခံရတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ခံရတယ်။ စီးပွားရေးဆိုင်ရာ အကြမ်းဖက်တာ ခံရတယ်။ ဆိုးတာက အန္တရာယ်ရှိတဲ့ ရှေးရိုးစွဲ အမြင်တွေကြောင့်လည်း အကြမ်းဖက်ခံနေကြရပါတယ်” လို့ ပြောပါတယ်။

အန္တရာယ်ရှိတဲ့ ရှေးရိုးစွဲ အမြင်တွေကြောင့် အကြမ်းဖက်ခံနေရတယ်ဆိုတာ လူမှု အသိုက်အ၀န်းက လက်ခံထားတဲ့ ရှေးအစဉ်အဆက်က လက်ခံခဲ့တဲ့ အစဉ်အလာတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း ဖြစ်နိုင်သလို၊ ရိုပ်ပိုင်းဆိုင်ရာ အားဖြင့်လည်း အကြမ်းမှုကို ခံနေရပါတယ်။

အမျိုးသမီးအများစုရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်နာကျင်မှုတွေ မြင်နိုင်ဖို့ ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာတွေအထိ နာကျင်ဒဏ်ရာတွေ ကိန်းအောင်းစေခဲ့တာတွေကို ဘယ်သူ ကူညီပေးနိုင်ကြမလဲဆိုတဲ့ အချက်ကိုတော့ လူမှုပတ်ဝန်းကျင်မှာ ထည့်စဉ်းစားစရာ ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်သင့်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ကျားမရေးရာ တန်းတူညီမျှရေး ကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူကလည်း “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအနေနဲ့ အိမ်ထောင်သည်တွေထဲမှာကို အမျိုးသမီး ထက်ဝက်ကျော် အကြမ်းဖက်ခြင်း ခံနေရတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လင်မယားချင်း ကိုယ့်ဇနီးသည် သဘောမတူရင် လိင်ဆက်ဆံခွင့် မရပဲ ဇနီးသည် ဆန္ဒမရှိပဲ လိင်ဆက်ဆံတာဟာ အိမ်တွင်း အကြမ်းဖက်တာဖြစ်လို့ ဥပဒေတစ်ခုအဖြစ် ပြဋ္ဌာန်း ကာကွယ်ထားတယ်” လို့ ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေမှာလည်း လင်မယားအချင်းချင်းထဲမှာ အလိုမတူရင် မုဒိမ်းမှု ဖြစ်ပါတယ်” လို့လည်း လှိုင်သာယာမြို့နယ် ရဲဝန်ထမ်းတဦးကလည်း ဆိုပါတယ်။

အမျိုးသမီးတွေခံစားရတဲ့ လိင်အကြမ်းဖက်မှုဆိုရင် မုဒိမ်းမှုကိုပဲ အရင်ဆုံး မြင်မိကြမှာပါ။ ဒါပေမယ့် လိင်အကြမ်းဖက်မှုဆိုတာ မုဒိမ်းမှု တခုတည်း မဟုတ်ဘဲ အမျိုးသမီးတဦး တယောက် ခန္ဓာကိုယ်ကို အလိုမတူ ထိခတ် ဆွဲကိုင် ပွတ်သပ်မှုတွေဟာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ အကြုံးဝင်နေတဲ့ လိင်အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။

လိင်အကြမ်းဖက်မှုမှာ တိုက်ရိုက်ဖြစ်တဲ့ မုဒိမ်းမှု လိုပုံစံ ရှိပေမယ့် သွယ်ဝိုက်နည်းနဲ့ လိင်အကြမ်းဖက်မှုတွေကိုလည်း အမျိုးသမီးတွေ ခံနေကြရတယ်။

အဲ့ဒီလို အကြမ်းဖက်နည်းမျိုးစုံနဲ့ အကြမ်းဖက်ခြင်း ခံနေရတဲ့ အမျိုးသမီး တွေကို ကာကွယ်ဖို့ အခုဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲနိုင်ခဲ့ပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကို တင်ပြဖို့နဲ့ လွှတ်တော်ကို တင်ပြဖို့ ကျန်ရှိနေပါသေးတယ်။

အဲဒီ ဥပဒေထဲမှာ ပြစ်ဒဏ်တွေအနေနဲ့ အမြင့်ဆုံး သေဒဏ်အထိနဲ့ အနိမ့်ဆုံး ခံဝန်ချက် အထိ ထည့်သွင်းရေးဆွဲထားတယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါး က ဆိုပါတယ်။

ဂျန်ဒါ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးထွန်းထွန်းဦးကလည်း “အခုလို အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် အကြမ်းဖက်ကမ္ဘာ မဖြစ်ဖို့ လူမှုဆိုင်ရာ သတ်မှတ်ချက်တွေကို စွန့်လွှတ်နိုင်ရမယ်။ လတ်တလော အကြမ်းဖက်ခံရမှုမှာ အမျိုးသား၊ အမျိုးသမီးနဲ့ အခြားမျိုးစုံရှိနေပေမယ့် အမျိုးသမီးတွေဟာ ထင်သာမြင်သာ အကြမ်းဖက်ခံနေရတာ ရှိလာတော့ ဒီ ဥပဒေက လိုအပ်လာပါတယ်” လို့ ဆိုပါတယ်။

အမျိုးသမီးအကြမ်းဖက်ခံမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတဦးရဲ့ လူသားရပ်တည်မှုဆိုင်ရာ လူအခွင့်အရေး ရရှိရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ အမျိုးသမီးထုနဲ့ အသက်မပြည့် ကလေးငယ်တွေ အကြမ်းဖက်ခံရမှုက တနှစ်ထက် တနှစ် ဖြစ်ပွားနှုန်း မြင့်တက်နေတာ တွေ့ရပြီး ၂၀၁၅ ခုနှစ်မှာ ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ကို လာရောက် အကူအညီတောင်းခံခဲ့တဲ့ သက်ငယ် မုဒိမ်းမှုအနေနဲ့ (၃၀) လောက်သာရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာတော့ ၅၀ လောက်ထိ ထက်ဝက်နီးပါးမြင့်တက်လာတယ်လို့လည်း အဖွဲ့ရဲ့ ဒါရိုက်တာ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်လှမျိုးစု ကတော့ “အရင်ကလည်း ဒါဟာ ဖြစ်နေတာပါပဲ။ အရင်က ၂၀၀၇ လောက်ကတည်းက ငါးနှစ်အတွင်း အမှုပေါင်းက ရာကျော်နေတာပဲ။ အခုတော့ အမျိုးသမီးထုအချို့ကလည်း ဒါဟာ မတရားမှုမှန်းသိလာတယ်။ သတင်းမီဒီယာတွေကလည်း ရေးလာတော့ လူသိတာများလာတယ်” လို့ ပြောပါတယ်။

အမျိုးသမီးနဲ့ အသက်မပြည့် ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုအနေနဲ့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ (၂၀၁၆) ခုနှစ်အတွင်း စစ်တမ်းများအရ ဆိုရင် ရန်ကုန်ရုံးချုပ် Hot Line ဖုန်းကို ခေါ်ဆိုမေးမြန်းသော ဖြေဆိုပေးသောအမှု ၇၃၄ ခု၊ လူကိုယ်တိုင် လာရောက်အကူအညီတောင်းသော အမှုစုစုပေါင်းမှာ ၃၇၄ မှု၊ အကြံဉာဏ်ပေး၊ ညှိနှိုင်းကူညီဖြေရှင်းပေးသောအမှု ၄၁၅၊ တရားစွဲဆိုပေးသောအမှုစုစုပေါင်း ၉၈ မှု အထိ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ အဖွဲ့ ဖြေရှင်းပေးရတဲ့ အမှုတွေမှာ ရာခိုင်နှုန်းအလိုက်အားဖြင့် ဆိုပါက ၂၀၁၆ ခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှုတွေမှာ လိမ်လည်ကာမရယူ မုဒိမ်းမှု၊ အသက်မပြည့် ခိုးယူပေါင်းသင်းမှု၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ အမှုတွေဖြစ်တဲ့ လိင်မှုဆိုင်ရာအကြမ်းဖက်မှု(၂၁ ရာခိုင်နှုန်း)။ ရိုက်နှက်ပြီး ကိုယ်ထိလက်ရောက် ရုပ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာ ရစေမှုတွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၂၅ ရာခိုင်နှုန်း)။ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ ဖောက်ပြန်မှု၊ Online မှ ညစ်ညမ်းပုံတွေတင် ခြိမ်းခြောက်ခြင်းအမှုတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၈ ရာခိုင်နှုန်း)။ ကလေးစရိတ် မယားစရိတ် နစ်နာကြေးတွေဖြစ်တဲ့ လူမှုစီးပွား အကြမ်းဖက်ခံရမှု (၁၆ ရာခိုင်နှုန်း)နဲ့ အိမ်ထောင်ဖက် မိသားစုဝင် ရင်းနှီးကျွမ်းဝင်သူ လက်တွဲဖော်များမှ ကျူးလွန်သော အိမ်တွင်းအကြမ်းဖက်မှုတွေဟာ (၇၅ ရာခိုင်နှုန်း) ထိ ရှိနေတယ်လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ ရန်ကုန်အခြေစိုက် အခရာ အဖွဲ့နဲ့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာလည်း ၂၀၁၆ ခုနှစ်အတွင်း အမျိုးသမီးနှင့် သက်မပြည့် ကလေးငယ်များအရေး ကိုင်တွယ်ဖြေရှင်းကူညီမှု အမှုပေါင်း (၁၀၀) ကျော်ရှိနေပြီး ကျန်အဖွဲ့အအစည်းတွေနဲ့ လှုမှုဝန်ထမ်းဦးစီးဌာန လက်အောက်ခံ အမျိုးသမီးများဖွဲ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွဲ အနေနဲ့လည်း အမျိုးသမီးအများစုအရေး ဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေဆိုတာဟာလည်း တိုင်းပြည်တိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်မယ့် လူသားအရင်းမြစ်များ ဖြစ်တာကြောင့် အမျိုးသမီးထုနဲ့ ကလေးငယ်အပေါ် အကြမ်းဖက်ခြင်းတွေ မရပ်ဆိုင်းပဲ တိုးပွားနေသရွေ့ များပြားနေသေးသရွေ့ မြန်မာနိုင်ငံ တိုးတက်ရေးဟာလည်း နှောင့်နှေးနေဦးမှာပဲလို့ ဆိုချင်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013