
ရန်ကုန်က ခရီးသွားပြည်သူတွေအတွက် လုပ်အားပေးကူညီသူတွေ မရှိတော့ရင်ကြုံလာရမယ့် အခက်အခဲတွေကို အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ လိုတယ်လို့ ကူညီသူတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။
ဘတ်စ်ကားစနစ် အပြောင်းအလဲမှာ အခက်အခဲတွေ ရှိနေပြီး စေတနာ့ဝန်ထမ်းတွေနဲ့ အခမဲ့ ပြေးဆွဲသူတွေက ကူညီနေကြတာပါ။ စေတနာ့ဝန်ထမ်းတွေက အပြောင်းအလဲ ပထမနေ့ကနေ ၅ ရက်အထိပဲ ကူညီကြတာပါ။
စေတနာ့ဝန်ထမ်းခေါင်းဆောင် ကိုနေဘုန်းလတ်က “ခုက အစိုးရက ဝန်ဆောင်မှု မပေးနိုင်လို့ လူထုက လူထုကို ပြန်ပြီး ဝန်ဆောင်နေရတဲ့ ပုံစံဖြစ်နေတယ်။ ပန်ဖလက်တွေဝေပြီး ရှင်းပြနေပေမယ့် ဖန်းဖလက်ထဲမှာ အချက်အလက်မှားတွေ ပါနေတုန်းပဲ။ ကွန်ပလိန်းစင်တာကို သေချာ အလုပ်လုပ်ရမယ်။ ဖုန်းနံပါတ်တွေ ပေးထားပေမယ့် တကယ်တာဝန်ရှိတဲ့သူတွေဆီကို သတင်းတွေ ရောက်ဖို့လိုတယ်။ နောက်တစ်ခုက ညပိုင်းဆိုရင် ကားတွေလိုနေတုန်းပဲ။ မှတ်တိုင်တွေမှာ လူတွေ ပုံနေတုန်းပဲ။ ဗော်လန်တီယာတွေက အခမဲ့ကားတွေနဲ့ ချိတ်ဆက်ပြီး အိမ်ပြန်ပို့ပေးနေရတုန်းပဲ” လို့ ပြောပါတယ်။
ယာဉ်စီးခတွေ စနစ်တကျသတ်မှတ်ပြီး အများမြင်သာအောင် ကပ်ထားပေးဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေ ၅ ရက်တာ ကူညီပြီး သိလာတဲ့ အခက်အခဲတွေကို အခြေခံပြီး အကြံပြုစာပေးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေအနေနဲ့ လမ်းကြောင်းမသိကြတာကို အများဆုံး ကူညီပေးခဲ့ရတာပါ။
ရန်ကုန်စီးပွားရေးတက္ကသိုလ်က စေတနာ့ဝန်ထမ်း မငွေဇင် “ကျမတို့က စပယ်ယာလည်း လုပ်ပေးရပါတယ်။ ယာဉ်ထိန်းရဲလည်း လုပ်ပေးရပါတယ်။ အများဆုံးလုပ်ပေးရတာကတော့ ခရီးသည်တွေ သွားချင်တဲ့နေရာကို မှန်မှန်ရောက်အောင် ကူညီပေးရတာပါ” လို့ ပြောပါတယ်။
ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့တဲ့ ခရီးသည်တွေက လက်ရှိ ဘတ်စ်ကား လမ်းကြောင်းတွေဟာ လိုရာခရီးကို တိုက်ရိုက်မရောက်ပဲအဆင့်ဆင့်စီးပြီး ငွေပိုကုန်တာကြောင့် ပြင်ဆင်ပေးဖို့ တောင်းဆိုကြ ပါတယ်။
စမ်းချောင်းမြို့နယ်မှာ နေထိုင်သူ ကိုစန်းကျော်က “အလုပ်ကိစ္စနဲ့ မြို့ထဲကို အမြဲလာရတယ်။ ကားအဆင့်ဆင့်စီးရတော့ ငွေပိုကုန်တယ်။ ကားတဆင့်တည်းနဲ့ လိုရာရောက်အောင် လုပ်ပေး စေချင်တယ်” လို့ ပြောပါတယ်။
ဘတ်စ်ကားလိုင်းအပြောင်းအလဲမှာ စေတနာ့ဝန်ထမ်း သုံေးထာင်ကျော် ကူညီပေးခဲ့ကြတာပါ။











