DVB Logo
Home
မြန်မာသတင်း
တကြော့ပြန်ကျောက်မီးသွေးစီမံကိန်း ပအိုဝ်းလူငယ်များကန့်ကွက်
DVB
·
January 20, 2017
တကြော့ပြန်ကျောက်မီးသွေးစီမံကိန်း ပအိုဝ်းလူငယ်များကန့်ကွက်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအနီးမှာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပြီး လျာထားချက်မပြည့်မီတာကြောင့် ၂၀၁၄ ခုနှစ်မှာ ရပ်ထားခဲ့ပေမယ့်လည်း ဒီ ၂၀၁၆ နှစ်ထဲမှာ လုပ်ငန်းပြန်စဖို့ စမ်းသပ်လာတာကြောင့် ပအိုဝ်းလူငယ်အစည်းအရုံးနဲ့ ဒေသခံတို့က ထပ်မံကန့်ကွက်လိုက်ပါတယ်။

ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ အနီးနားနေ ပြည်သူတို့ ကျန်းမာရေး၊ အလုပ်အကိုင်တွေ ထိခိုက်နစ်နာနေရတာကြောင့် စီမံကိန်းကို ရပ်ပေးဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သက်ဆိုင်ရာကို တောင်းဆိုတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံး တာဝန်ခံ ခွန်ရဲသွေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမှာကျောက်မီးသွေးလာတူးတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က၊ ကျောက်မီးသွးတူးတော့ စက်ရုံက ရေဆိုးရေညစ်တွေက ကျနော်တို့စိုကိပျိုးရေးလုပ်ကိုင်စားသောက်နေတဲ့ ချောင်းထဲကို ၀င်လာတယ်။ ရေတွေမကောင်းတော့ဘူး။ အဲဒီရေချိုးပြီး အရေပြားယားနာဖြစ်တာ ရှိတယ်။ စက်ရုံက လွင့်လာတဲ့ ပြာတွေ လေထုထဲပါပြီး အနံ့ အသက်မကောင်းဘူး။ စက်ရုံက ဆူညံတဲ့အသံကြောင့် ကောင်းကောင်း အိပ်လို့မရဘူး။ နှလုံးရောဂါ သွေးတိုးရောဂါရတယ်၊ မွေးလာတဲ့ ကလေးပေါင်မပြည့်တဲ့ ပြဿ နာတွေ ရှိတယ်။ စီမံကိန်းက ၂၀၁၄ ခုနှစ်က ရပ်သွားပေမယ့် ၂၀၁၅ အောက်တိုဘာမှာ ၅ ကြိမ် ပြန်ပြီး စမ်းသပ်လည်ပတ်လာတယ်။ အစိုးရနဲ့ တရုတ်နိုင်ငံက Wuxi Huanggaung လျှပ်စစ်စွမ်းအား ကုမ္ပဏီတို့ ရင်းနှီးမြှုပ်နှံမှုလက်မှတ်ထိုးထားပြီလို့ ကျနော်တို့ သိရပါတယ်၊ အဲဒီအတွက် အင်မတန် စိုးရိမ်လို့ စီမံကိန်းကို ရပ်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။”

တီကျစ်ကျောက်မီးသွေးစီမံကိန်းဧရိယာ နဲ့ ၂ မိုင်ပတ်လည်မှာ ရွာပေါင်း ၁၃ ရွာနဲ့ လူဦးရေ ၈ ထောင်ကျော်နေထိုင်ပြီး ကျောက်မီးသွေးစီမံကိန်းပြန်စရင် ဆိုးကျိုးက ဒီလူတွေပေါ် သက်ရောက် စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ ကျောက်မီးသွေးသတ္တုမိုင်းတွင်းနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရပ်ဆိုင်းပေးရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဖော်ဆောင်ရာမှာ ဒေသခံတွေရဲ့ ဆုံးဖြတ်ပါဝင်ခွင့် အကျိုးအမြတ်ပါဝင်ခံစားဖို့နဲ့ စီမံပိုင်ခွင့်တွေကို သက်ဆိုင်ရာကုမ္ပဏီနဲ့ အစိုးရက လေးစားလိုက်နာဖို့၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရာမှာ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ပြည်နယ်နဲ့ ဒေသန္တရအစိုးရ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ပိုင်ခွင့်ရရေးပါ ထည့်သွင်းဖို့ တောင်းဆိုကြောင်း ခွန်ရဲသွေးက ပြောပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မီးသွေးစက်ရုံများအကြောင်း၊ လုပ်ကိုင်တဲ့ ကုမ္ပဏီများ၊ သဘာဝစွမ်းအင်အကြောင်း၊ ကျောက်မီးသွေးစီမံကိန်းကြောင့် သဘာဝ ၀န်းကျင်ဆုံးရှုံးမှု၊ အနီးနားနေပြည်သူတို့ပေါ် ထိခိုက်မှုစတဲ့ အချက်အလက်တွေပါတဲ့ (တီကျစ်မြေမှခေါင်းလောင်းသံ) လို့အမည်ရ အစီရင်ခံစာတစောင်ကို ရေးသားပြီး ဒီကနေ့ မနက် သတင်းစာရှင်းလင်းပွဲမှာ ဖြန့်ဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013