DVB Logo
Home
Lead Story
လွတ်လပ်မှု (Freedom) ဆိုတာ
DVB
·
January 20, 2017
လွတ်လပ်မှု (Freedom) ဆိုတာ
Donate to DVB

 

တိုင်းပြည်တပြည်ကို လွတ်လပ်မှု ရှိ၊ မရှိ ဆိုတာကို အဲဒီတိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အတိအကျ အဖြေပေးနိုင်ပါတယ်။

လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်နိုင်ဖို့ဆိုရင် …


  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၀၀% နဲ့ တိုင်းပြုပြည်ပြုလွှတ်တော်တွေကို ဖွဲ့စည်းနိုင်ဖို့ အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ဟာ အဲဒီနိုင်ငံက ပြည်သူတွေ တည်ဆောက်ချင်တဲ့ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ပုံစနစ်တရပ်ကို တည်ဆောက်နိုင်ဖို့ အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲဒီနိုင်ငံက ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ နေလိုတဲ့ဆန္ဒ၊ စစ်မက်ပဋိပက္ခတွေကင်းအောင် နေလိုတဲ့ဆန္ဒကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အဲဒီနိုင်ငံသားတိုင်းရဲ့ ဘဝလုံခြုံမှုပေးနိုင်အောင် အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အဲဒီနိုင်ငံသားတွေရဲ့ အများသူငါကို မထိခိုက်စေတဲ့ အခြေခံလူ့အခွင့်အရေးတွေကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အဲဒီနိုင်ငံသားတိုင်းရဲ့ လူမှုရေးဘဝ၊ စီးပွားရေးဘဝ၊ နိုင်ငံရေးဘဝတွေမှာ ခွင့်တူညီမျှ ရရှိခံစားနိုင်ခွင့်၊ ကြိုးစားလုပ်ဆောင်နိုင်ခွင့်တွေကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ ဥပဒေအထက်မှာ ဘယ်သူ့ကိုမှ နေရာပေးမထားဘဲ တရားဥပဒေစိုးမိုးမှုကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။

  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်ဟာ အဲဒီနိုင်ငံသားတွေရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ၃ ရပ်စလုံး တင်းပြည့်ကျပ်ပြည့် ရှိနေအောင် အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။


မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ  ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်တွေရဲ့ လက်အောက်က လွတ်မြောက်ခဲ့လို့ လွတ်လပ်ရေးရတာ ၆၉ နှစ်မြောက်ပြီလို့ ဆိုကြတယ်။ တကယ်လွတ်လပ်မှု မရှိဘူးဆိုရင် တိုင်းတပါးလက်အောက်ကနေ လွတ်မြောက်ရုံနဲ့ လွတ်လပ်ရေး ရပြီလို့ မဆိုနိုင်ပါဘူး။

လူမျိုးခြားမဟုတ်တဲ့ ကိုယ့်လူမျိုးအချင်းချင်း ဖိနှိပ်အုပ်ချုပ်နေမယ်၊ လွတ်လပ်ခွင့်တွေ ပိတ်ပင်နေမယ်၊ လူနည်းစုက ဥပဒေအထက်မှာနေပြီး အခွင့်ထူးခံနေဦးမယ်၊ ညီမျှမှုမရှိဘဲ လူများစုက ဆင်းရဲဒုက္ခရောက်နေမယ်၊ တရားဥပဒေစိုးမိုးမှု မရှိသေးဘူး၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ မရှိဆင်းရဲသားတွေဘဝ လုံခြုံမှု မရှိသေးဘူး၊ စစ်ပွဲတွေ ရှိနေမယ်ဦးမယ်ဆိုရင် လွတ်လပ်ရေးရပြီလို့ ပြောဖို့ မလုံလောက်သေးပါဘူး။

ဒီတော့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီလား၊ မရသေးဘူးလားဆိုတာ စာဖတ်သူ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ဘဲ ဆုံးဖြတ်ကြည့်ကြပါ။ ဒီလိုရေးလို့ ၆၉ ကြိမ်မြောက် လွတ်လပ်ရေးကို အောင်ပွဲခံဖို့ မလိုဘူးလို့ မဆိုလိုပါဘူး။

ဇန်နဝါရီ ၄ ရက်နေ့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို ကြမ်းကြုတ်ရက်စက်တဲ့ တိုင်းတပါးကျူးကျော်နယ်ချဲ့သူတွေလက်အောက်က လွတ်မြောက်အောင် ညီညီညာညာနဲ့ ရဟန်းရှင်လူတိုင်းရင်းသားတွေရဲ့ အသက်သွေးချွေးတွေ ပေးဆပ်လို့ နှစ်ပေါင်းများစွာ ခဲရာခဲဆစ်ရယူခဲ့ရတာမို့ အလေးအမြတ်ပြုပြီး နောင်လာနောက်သားတွေ သိရှိတန်ဖိုးထားနိုင်အောင် ကျင်းပကြဖို့ လိုပါတယ်။

လွတ်လပ်မှုဆိုတာ အများသူငါကို မထိခိုက်ဘဲ လူသားတွေဟာ မိမိရဲ့မွေးရာပါ အခြေခံလူ့အခွင့်အရေးကို ခြိမ်းခြောက်အနိုင်ကျင့်မှုနဲ့ ကြောက်ရွံ့ခြင်းက လွတ်မြောက်လို့ အနှောင်အဖွဲ့ အတားအဆီးကင်းကင်းနဲ့ လွတ်လပ်စွာ ခံစားကျင့်သုံးနိုင်တဲ့ အခြေအနေတရပ်၊ အများသူငါကို မထိခိုက် မနစ်နာစေဘဲ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ တွေးတောပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ နေထိုင်ရှင်သန်ခွင့်၊ မိမိစာပေနဲ့ ယဉ်ကျေးမှုတွေကို လွတ်လပ်စွာ မြှင့်တင်ခွင့်တွေရှိတဲ့ အခြေအနေတရပ်ပါပဲ။

အထက်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေကို အနှစ်ချုပ်ရရင် မြန်မာနိုင်ငံဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် စုစည်းကြိုးပမ်းခဲ့ကြလို့ တိုင်းတပါးနယ်ချဲ့လက်အောက်က ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်မြောက်ပြီး ကမ္ဘာသိလွတ်လပ်ရေးရခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှဘဲ နိုင်ငံသားအချင်းချင်းကို အညှာအတာကင်းမဲ့စွာ ဖိနှိပ်အုပ်ချုပ် ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့ စစ်အာဏာရှင်စနစ်အောက် ကျွန်သပေါက်ဘဝမှာ တိုင်းပြည်ဟာ ဖွတ်ကျောပြာစုလို့ မျက်ရည်ကိုသာ အဖော်ပြုခဲ့ရတာလည်း ကမ္ဘာသိ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကနေစတင်လို့ ကြမ္မာငင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို အသိန်းအသောင်းမကတဲ့ အာဇာနည်မိဘပြည်သူ ရဟန်းရှင်လူ တိုင်းရင်းသားလူမျိုးတွေရဲ့ အသက်သွေးချွေးတွေ စတေးလို့ ဆန့်ကျင်ဖယ်ရှားဖို့ နှစ်ပေါင်း ၅၀ ကျော် ကြိုးပမ်းခဲ့တာ တဖြည်းဖြည်းနဲ့ အရာထင်အောင်မြင်လာခဲ့လို့ အခုဆို ဒီမိုကရေစီလမ်းပေ ခြေချနိုင်ဖို့ အယင်ကထက် ပိုမိုတိုးတက်လာပြီး အခြေအနေကောင်းတွေ ရရှိပိုင်ဆိုင်နေပါပြီ။

ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း အရေးအကြီးဆုံးလည်း ဖြစ်တဲ့ ပြည်သူလူထု အများစုရဲ့ အတောင့်တဆုံး အောက်ပါဆန္ဒတွေ မပြည့်ဝသေးပါဘူး။

၁) လူသတ်စစ်ပွဲတွေ အပြီးတိုင် ချုပ်ငြိမ်းသွားစေမယ့် ပြည်တွင်းငြိမ်းချမ်းရေး။

၂) ဥပဒေအထက် မည်သူမျှနေခွင့်မရှိတဲ့ တရားဥပဒေစိုးမိုးရေး။

၃) ပြည်ထောင်စုသားအားလုံး တညီညွတ်လက်ခံမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ရေး။

၎) ပြည်သူ့အာဏာ ပြည်သူ့ထံမှာသာ တည်နိုင်ရေး။

အထက်ပါ အများအကျိုးကို ဖော်ဆောင်မယ့် ရည်းမှန်းချက်ဆန္ဒအားလုံး အကောင်အထည် ပေါ်လာဖို့ အဟန့်အတားပြုနေတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ ဒီဖွဲ့စည်းပုံကို ထိထိရောက်ရောက် မပြင်ဘဲ အထက်က ပြည်သူ့ဆန္ဒတွေ ပြည့်ဝလာအောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ၆၉ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းမထက်မှာ ခြေချနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ နိုင်ငံသားတိုင်း အားထုတ်ကြိုးပမ်းကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။

မင်းကောင်းချစ်

ဇန်န၀ါရီလ ၄ ရက်နေ့  ၂၀၁၇ ခုနှစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013