DVB Logo
Home
မြန်မာသတင်း
အရက်ကင်းစင်ရေး ရမ်းဗြဲမြို့နယ်တွင် အမျိုးသမီးများ ဆန္ဒပြ
DVB
·
January 20, 2017
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်အတွင်း အရက်ကင်းစင်ရေးအတွက် အမျိုးသမီးတွေ မနေ့က ဆန္ဒပြခဲ့ပါတယ်။

ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်အတွင်းမှာ အရက်ကြောင့် လူမှုရေးစီးပွားရေး အခက်အခဲတွေ လျော့ချနိုင်ဖို့အတွက် အရက်သေစာ ရောင်းချမှုပိတ်ပင်ပေးဖို့ ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသမီး ၇၀၀ လောက်စုဝေးပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရမ်းဗြဲမြို့ပေါ်မှာ လှည့်လည်ဆန္ဒပြခဲ့ ကြပါတယ်။

မြေပျားအောင်ရွာက လာရောက်ဆန္ဒပြသူ ဒေါ်သန်းသန်းက “ကျမတို့ ကျောက်ချောင်းနယ်မြေတစ်ခုလုံး အေးချမ်းသာယာစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒီအရက်ကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေ ပျောက်ကွယ်နေပါတယ်။ နောက်လာမယ့် အနာဂတ် သားသမီးတွေလည်း ပညာရေးတွေ နိမ့်ကျပြီး စီးပွားရေးလည်း အလွန်တရာ နိမ့်ကျနေပါတယ်။ အသက်အန္တရာယ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါတွေကို မလိုချင်လို့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ကျောက်ချောင်းတိုက်နယ်အတွင်း အရက်သေစာမရောင်းချရေး၊ ကျောက်ချောင်းတိုက်နယ် အတွင်း အရက်သေစာ ရောင်းချခြင်းပိတ်ပင်ရေး၊ ကျောက်ချောင်းတိုက်နယ်အတွင်း တဦးတယောက်တည်း အရက်မရောင်းချရေး၊ တိုက်နယ်လူထုများ အရက်နွံထဲ မနစ်မြုပ်ရေး၊ တိုက်နယ်လူငယ်များ လူမှုဘဝ အဝဝဖွံ့ဖြိုးရေးစတဲ့ ပိုစတာတွေနဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီးရမ်းဗြဲ မြို့တပတ် လှည့်လည်ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြပွဲ ဦးဆောင်သူက ဒေါ်ခင်မေရီက “အရက်သွားဝယ်ဆိုပြီး ကျောင်းသားအရွယ် ၈ တန်း၊ ၇ တန်းအရွယ်လေးက သွားဝယ်တယ်။ ဝယ်လို့ရှိရင် နှစ်ထောင်ဆို နှစ်ထောင်တန်၊ ထောင့်ငါးရာဆို ထောင့်ငါးရာတန် သူတို့ မပေးဘူး။ အရက်တစ်ခွက်ကို ရအောင်တိုက်တယ်။ မင်းအမိတို့ မသိပါဘူးကွာ ဆိုပြီး။ အဲ့ဒါတွေ ခံစားနေရလို့ အခုလို ဆန္ဒပြတာပါ”လို့ ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ဆန္ဒပြပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ပြုလုပ်ဖို့ ခွင့်ပြုချက်မရတဲ့အတွက် မြို့ပေါ်မှာ လှည့်လည်ပြီးဆန္ဒပြခဲ့ကြတာပါ။ ကျောက်ချောင်းတိုက်နယ်မှာ အုပ်စု ၈ ခုနဲ့ ရွာပေါင်း ၃၀ ကျော် ကျေးရွာ ရှိပါတယ်။ အရက်ရောင်းချခွင့် ပိတ်ပင်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် တင်ပြပေမယ့် မရလို့ အခုလို ဆန္ဒထုတ်ဖော်ရတာလို့ သိရပါတယ်။

သတင်း - ကိုအောင်၊ ဓာတ်ပုံ - မောရဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013