
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက ရေနစ်သေဆုံးပြီး ပျောက်ဆုံးနေတဲ့ မောင်ကုဋေအောင်နှင့် မဟန်နီစိမ့်တို့ရဲ့ အလောင်းကို အခင်းဖြစ်ရာအနီးတောင်ဘက် ရေအောက်မှာ ရေငုပ်သမားတွေက ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။
မောင်ကုဋေအောင်ရဲ့အလောင်းကို ဇန်နဝါရီ ၁၉ ရက်၊ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး မဟန်နီစိမ့်ရဲ့အလောင်းကိုတော့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာာ တွေ့ရှိခဲ့တာပါ။ မသန်းသန်းဆင့်ရဲ့အလောင်းကိုတော့ အခင်းဖြစ်ပွားတဲ့နေ့ကတည်းက ပြန်လည်တွေ့ရှိခဲ့တာပါ။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းမာပင် ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ အရ ဆက်လက်ဆောင်ရွက်နေတယ်လို့ ယင်းမာပင် စခန်းမှုး ဒုရဲမှူး အောင်ကျော်ထူးကပြောပါတယ်။
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ဖို့စီစဉ်နေသလို သတိပေးဆိုင်းဘုတ်တွေလည်း အရင်ကထောင်ခဲ့ဖူးတယ်လို့သိရပါတယ်။
ဒီလိုဖြစ်ရတာက တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်တွေများပြီး အရက်သေစာ သောက်စားကာ အပျော်လွန်ကြလို့ စည်းကမ်းချက်တွေ မလိုက်နာကြလို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေတောင်ဦးအနီးတစ်ဝိုက်မှာရေနစ်တဲ့ဖြစ်စဉ်က နှစ်စဉ်ဖြစ်လေ့ရှိသလို ယခုလိုအချိန်တင်မက သင်္ကြန်ကာလတွေမှာလည်း ဖြစ်တတ်တယ်လို့ဆိုပါတယ်။
ရေအတိမ်အနက်မသိဘဲ ရေဆင်းချိုးတာ၊ အောက်မှာကျောက်ဖျာရှိတာမသိပဲ ဒိုင်ပင်ထိုးလို့ ခေါင်းကွဲသေတာတွေလည်း ဖြစ်စဉ်တွေမှာတွေ့ ရတယ်လို့ပြောပါတယ်။
အောင်ကိုလတ်











