ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပြန်ဖွင့်မည်
ပီတာအောင်
·
December 3, 2011

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံ တားကိုလာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ ထိုင်းဘုရင်ကြီးမွေးနေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ တပ်ခရိုင်က ထိုင်း အာဏာပိုင်တွေက အတည်ပြုပြောကြား လိုက်ပါတယ်။
တပ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဝူသီ ဆီသီဆူရတ် ကထိုင်းမီဒီယာတွေကို ပြောကြားလိုက် တာဖြစ်ပြီး မြဝတီ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းသတင်းမှာဖော်ပြပါတယ်။
တံတားဖွင့်ပွဲကို နေပြည်တော်က အဆင့်မြင့်မြန်မာအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ဖိုရှိပြီ့း တပ်ခရိုင်ကုန်သည်ကြီးများ အသင်းနဲ့ ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ်က တာဝန်ရှိသူတွေကိုလည်း မြန်မာဘက်က ဖိတ်ကြားထားတယ်လို့ သတင်းက ဆိုပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာဘက်ကို ဆက်သွယ်လို့ မရသေးပေမယ့် ပြည်တွင်းထုတ် 7Day News ဂျာနယ်မှာတော့ မြန်မာ နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီမောင်က ဒီဇင်ဘာ ၅ ရက်နေ့မှာ တံတားပြန်ဖွင့်ပေးဖို့ ရှိတယ်လို့ ပြောတဲ့အကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်တဲ့နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၈ ရက်က မြန်မာဘက်က ပိတ်ထားခဲ့တာပါ။ ပြီးခဲ့တဲ့လပိုင်းတွေကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝန်းကျင်မှာ ရေဘေးကြုံတွေ့နေရစဉ် နေရပ်ပြန်တဲ့ မြန်မာ အလုပ်သမားတွေအတွက် မြန်မာဘက်က တံတားကို ခေတ္တဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။
တံတားပိတ်ထားတာကြောင်း တရားဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး အထူးသဖြင့် ထိုင်းကုန်သည်တွေ ဘက်က နေ့စဉ် ဘတ်ငွေသန်းနဲ့ချီ ထိခိုက်နစ်နာခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ရော ဝန်ကြီးချုပ်ဟောင်း အဘိဆစ်ဝိချာချီဝတို့ပါ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်တွေအတွင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးဖို့ မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့ဖူးပါတယ်။ သောင်ရင်းမြစ်ကိုဖြတ်ပြီး မြဝတီနဲ့ မဲဆောက်မြို့ကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ တံတားကို ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
- မြဝတီတံတား