DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီရိုဟင်ဂျာ အစည်းဝေးကျင်းပ၊ သတ်ဖြတ်မှုများရပ်ရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို
DVB
·
January 19, 2017
အိုအိုင်စီရိုဟင်ဂျာ အစည်းဝေးကျင်းပ၊ သတ်ဖြတ်မှုများရပ်ရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံက  မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတာတွေနဲ့ တိုက်ခိုက်တာတွေ အားလုံးချက်ချင်းရပ်ဖို့  မလေးရှားဝန်ကြီးချုပ်  နာဂျစ်ဘ်ရာဇာတ်က မြန်မာကိုတောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံက ခေါ်ယူကျင်းပတဲ့ အစ္စလာမ်မစ်နိုင်ငံများပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)ရဲ့ ရိုဟင်ဂျာအရေး အစည်းအဝေးမှာ ၀န်ကြီးချုပ် နာဂျစ်ကပြောကြားလိုက်တာ ဖြစ်ပြီး ကမ္ဘာ့ အစ္စလာမ်နိုင်ငံတွေအနေနဲ့  လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုး ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။

“သတ်ဖြတ်တာတွေ ရပ်ကိုရပ်တန့်ရမယ်၊ အမျိုးသမီးနဲ့ မိန်းခလေးတွေအပေါ် စော်ကားတာတွေရပ်ရမယ်”လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ လူသားခြင်းစာနာမှု အကူအညီတွေ ၀င်ရောက်ခွင့်ပြုဖို့တောင်းဆိုလိုက်ပြီး မလေးရှားအနေနဲ့ လူသားချင်းစာနာမှု အကူအညီငွေ မလေးရှား ရင်းဂစ် ၁၀သန်း ပေးအပ်သွားမှာဖြစ်သလို အကူအညီပေးရေး သင်္ဘောတစီးစေလွှတ်မယ်လို့ လည်းပြောပါတယ်။

အိုအိုင်စီအဖွဲ့ အတွင်းရေးမှူးချုပ် ယူစွပ်ဖ် အာမက် အလ်အောတိုင်မင်ကလည်း ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ စနစ်တကျနှိပ်စက်မှုတွေကို တားဆီးရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာအသိုက်အ၀န်းအပေါ် အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကို ရပ်တန့်အောင် မလုပ်ဆောင်တဲ့အတွက်  မြန်မာအစိုးရသစ်ကို စိတ်ပျက်မိတယ်လို့လည်းပြောပါတယ်။

အီရန် ဒုနိုင်ငံခြားရေးဝန်ကြီး  အဘက်စ် အရာကွတ်ချီက တော့ မွတ် စလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို တားဆီးဖို့နဲ့ အခြေအနေကို ထိမ်းသိမ်းဖို့ မြန်မာ အစိုးရကိုတောင်းဆိုပါတယ်။

မလေးရှား ဒုဝန်ကြီးချုပ် အာမက် ဇာဟဟ်ဟာမီဒီကတော့  မလေးရှား ကူညီထောက်ပံ့ရေး သဘောင်္ မြန်မာပြည်သွားမယ့် အစီအစဉ်ကို ခွင့်ပြုလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းဝန်းက အကောင်းမြင်လာဖို့     မြန်မာကို ကူညီချင်တဲ့အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အိုအိုင်စီအဖွဲ့မှာ မလေးရှားအပါအ၀င် လူဦးရေ ၁ဒသမ ၆ ဘီလီယံလောက်ကို ကိုယ်စားပြုတဲ့  အဖွဲ့ဝင်မွတ်စလင်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်တဲ့ ဆန္ဒပြပွဲတရပ် အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ရခိုင်မှာ မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံခြားရေးဌာနကတော့  ရန်ကုန်ရှိ မလေးရှားနိုင်ငံသံအမတ်ကြီးကို ဆင့်ခေါ်ပြီး စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း  ကန့်ကွက်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013