
ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့် စီမံကိန်း ၅ ခုအတွက် အမေရိကန် ဒေါ်လာ ၈၂၄ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၉၃ ဒသမ ၉၇ဝ ဘီလီယံ ချေးငွေ ပေးအပ်ဖို့ နှစ်နိုင်ငံ သဘောတူလိုက်ပါတယ်။
ဇန်န၀ါရီ ၁၈ ရက်က နေပြည်တော်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းနဲ့ ဂျပန်သံအမတ်ကြီး တတဲရှိဟိဂုချိတို့ ချေးငွေဆိုင်ရာ နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
ချေးငွေတွေနဲ့ ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ ဆင်းရဲမှုလျော့ချရေး အထောက်အကူဖြစ်မယ့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဒေါ်လာ ၂၁၀ သန်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပြုပြင်ထိမ်းသိမ်းရေးစီမံကိန်းအတွက် ဒေါ်လာ ၂၁၉ သန်း၊ ရန်ကုန်တိုင်း ရေပေးဝေရေးစီမံကိန်းတွက် ဒေါ်လာ ၂၁၉ သန်း၊ မြို့ကြီးတွေမှာ လျှပ်စစ်မီးပေးစနစ် တိုးတက်ကောင်းမွန်ဖို့ စီမံကိန်းအတွက် ဒေါ်လာ ၄၃ သန်းနဲ့ လယ်ယာနှင့်ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဒေါ်လာ ၁၃၃ သန်းတို့ ပါဝင်ပါတယ်။
အဆိုပါဖွံ့ဖြိုးရေးအကူအညီချေးငွေတွေကို အတိုးနှုန်းနှစ်စဉ် ၀ ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ ဆိုင်းငံ့ကာလ ၁ဝ နှစ်အပါအ၀င် ပြန်ဆပ်ရမယ့်ကာလ စုစုပေါင်း နှစ် ၄ဝ ဖြစ်ပြီး နှောင်ကြိုးမဲ့ချေးငွေဖြစ်တယ်လို့သိရပါတယ်။











