DVB Logo
Home
Lead Story
စားသုံးသူကာကွယ်ရေးလား သုံးစွဲသူကာကွယ်ရေးလား
DVB
·
January 19, 2017
စားသုံးသူကာကွယ်ရေးလား သုံးစွဲသူကာကွယ်ရေးလား
Donate to DVB

 

ဒီတပတ် ဒီဗွီဘီရဲ့ ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ (Law Lab) အစီအစဉ်မှာ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအကြောင်း တင်ဆက်မယ်ဆိုတော့ မနက်ခင်း ဈေးဘက်ကို ဦးတည်ပြီး လမ်းလျှောက်ထွက်ခဲ့တယ်။ စာနယ်ဇင်းတွေ၊ ရုပ်သံမီဒီယာတွေထဲမှာ ပါတဲ့အတိုင်း အရောင်ရင့်ရင့် ဆေးဆိုးထားတဲ့ အသီးအနှံတွေ၊ ဟင်းခတ်ပစ္စည်းတွေ၊ ဆေးဆိုးသားငါးတွေ၊ ယင်မနားတဲ့ ဆေးဆိုးငါးပိတွေ စုံလို့ပါပဲ။ မလတ်ဆတ်တာတွေကို ဖုံးဖိဖို့ ဆေးဆိုး၊ အလေးခိုး ပြုလုပ်ရာကတဆင့် အမြင်တင့်အောင် ဆေးဆိုးတဲ့ရောဂါက ဈေးဝယ်သူရော ဈေးရောင်းသူပါ စွဲသွားကြတယ် ထင်ပါရဲ့။

ဈေးကအပြန်လမ်းမှာ စဉ်းစားမိတာက ‘စားသုံးသူ အကာအကွယ်ပေးရေး’ ဆိုတဲ့ ဝေါဟာရအပေါ် မတင်မကျဖြစ်နေခြင်းပါပဲ။ ‘စားသုံးသူ’ လို့ ပြောလိုက်တော့ အားလုံးအမြင်မှာ အစားအသောက် တခုတည်းနဲ့ပဲ ပတ်သက်နေသလိုလို ဖြစ်နေတယ်။ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဈေးဝယ်သူတွေကရော Consumer ပဲ မဟုတ်ပါလား။ ဒါဆိုရင် Consumer ကို စားသုံးသူလို့ ပြောမယ့်အစား ‘သုံးစွဲသူ’ လို့ ပြောတာက ပိုမို သင့်လျော်လေမလားလို့ တွေးတောနေမိတယ်။ “သုံးစွဲသူ အကာကွယ်ပေးရေး ဥပဒေ” လို့ ဆိုလိုက်ရင် အစားအသောက်သာမက ကျန်အသုံးအဆောင်ပစ္စည်းတွေပါ အကျုံးဝင်စေတယ်လို့ ကိုယ့်အမြင်နဲ့ ကိုယ့်အထင်ကို ကျေနပ်ရင်း ရိုက်ကူးရေးရှိရာဆီကို ထွက်လာခဲ့တယ်။

ထုံးစံအတိုင်း အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ ပဏာမ အစချီပြီးတဲ့နောက်မှာ ပါဝင်ဆွေးနွေးကြမယ့် ဥပဒေပညာရှင် ဦးလှမျိုးမြင့်၊ ဦးမောင်မောင်၊ ဒေါ်ကြည်ပြာ (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) တို့နဲ့ ဒီဗွီဘီပရိသတ်ကို မိတ်ဆက်ပေးခဲ့တယ်။ အဲဒီနောက် ဆွေနွေးပွဲကို စတင်ပါပြီ။ စားသုံးသူအကျိုးကို ဘယ်လိုကာကွယ်မလဲဆိုတာကို အရင် စဉ်းစားရမှာပါ။ စားသုံးသူဆိုရာမှာ ကုန်စည်နဲ့ ဝန်ဆောင်မှု နှစ်မျိုးလုံးနဲ့ သက်ဆိုင်တာ။ ကုန်စည်ဆိုရာမှာ စားသောက်ကုန် (Food) နဲ့ (Goods) ဆိုပြီး ခွဲကြည့်ဖို့လည်း လိုပါတယ်။ အစားအသောက်၊ ဆေးဝါးနဲ့ အချို့သော ကုန်ပစ္စည်းတွေအတွက် FDA က လက်လှမ်းမီပေမယ့် အချို့သောကုန်ပစ္စည်းတွေကတော့ FDA နဲ့ လက်လှမ်းမမီရာမှာ ရှိနေပါတယ်။

ကား၊ ရုပ်မြင်သံကြားစက်၊ မွေ့ရာ၊ ခြင်ထောင်အဆုံး ဒီလို ကုန်ပစ္စည်းတွေရဲ့ မရိုးမသားဖြစ်မှု၊ မမှန်ကန်မှုတွေကိုတော့ ဘယ်လိုအကာအကွယ်ပေးမှာလဲ။ သုံးစွဲသူကိုယ်တိုင်ကရော ဒါတွေနဲ့ပတ်သက်တဲ့ ကိုယ့်အခွင့်အရေးကို ဘယ်လောက်ထိ သိနေပါသလဲ။ ဒါတွေကို စစ်ဆေးဖို့ တိုင်ကြားစာ လက်ခံဌာနတွေကလည်း လိုအပ်မှုတခု ဖြစ်နေပါတယ်။ ဥပဒေတခု ပြဋ္ဌာန်းပြီးရင် အကောင်ထည်ဖော်မယ့် အာဏာပိုင်အဖွဲ့ရဲ့ နေ့စဉ် တာဝန်ယူမှုနဲ့ပတ်သက်တဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ လိုပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေဆိုရင် နည်းဥပဒေ မရှိသေးပါဘူး။ အကောင်ထည်ဖော်မယ့် အဖွဲ့အစည်းမှာလည်း အားနည်းချက်တွေ ရှိတယ်။ ဝယ်ယူသူအတွက် ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူခွင့်ရှိရေးကို ဥပဒေတွေ ပြဋ္ဌာန်းရာမှာ ပါဝင်သင့်တယ်။

ကျန်မာရေးဆေးစစ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တခါစစ်ဆေးပြီးရင် ထပ်မံစစ်ဆေးတာ မရှိ။ စစ်ဆေးပြီး ကျန်းမာရေးနဲ့မညီကြောင်း ကြေညာပေမယ့်လည်း အဲဒီကုန်ပစ္စည်းအချို့ကို တီဗွီကြော်ငြာတွေနဲ့ အခြားကြော်ငြာလို့ရတဲ့နေရာ အတော်များများမှာ တွေ့မြင်နေရတယ်။ ပိုဆိုးတာက ပိတ်ပင်ထားတဲ့ ပစ္စည်းတချို့ဟာ ဈေးကွက်ထဲမှာ ရှိနေသေးတာပါပဲ။ ဒါတွေကို သေသေချာချာ ကြပ်မတ်သင့်တယ်။ တကယ်တော့ ဆွေးနွေးမှုအားလုံးရဲ့ အဓိကကျတဲ့ အချက်ကတော့ နည်းဥပဒေ မရှိတဲ့အတွက် ဝေဝါးနေခြင်းနဲ့ အလွယ်တကူ တိုင်ကြားနိုင်တဲ့ စင်တာတွေ ရှိမနေသေးတာပါပဲ။

ခက်နေတာက အစားအသောက်၊ ဆေးဝါးနဲ့ပတ်သက်တဲ့အပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန နှစ်ခုစလုံးနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် တခုနဲ့တခု ဥပဒေချင်း ချိတ်ဆက်မိဖို့ကလည်း အရေးပါတဲ့ အခြေအနေမှာပါ။ ဒါပေမယ့် မတူညီတဲ့ အခြေအနေတွေမှာ လုပ်ပိုင်ခွင့်တွေ ကွဲကွဲပြားပြားဖြစ်ဖို့တော့ လိုပါတယ်။ မတူပေမယ့် ဆက်စပ်နေတာကြောင့် ဥပဒေနှစ်ခုဟာ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ကိုလည်း အထူးသတိထားကြရပါလိမ့်မယ်။ ဒါတွေဟာ စားသုံးသူကာကွယ်ရေးဥပဒေသစ် ရေးဆွဲရေးအတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အခြေခံအချက်တွေလို့ ဆိုနိုင်ပါတယ်။ ဒါက စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေပါ။

အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာအတွက် အဆင်ပြေနိုင်ပေမယ့် ကျန်ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေအတွက်တော့ ဥပဒေရဲ့ သက်ဝင်မှုအတွက် ဆက်လက်အဖြေရှာကြရဦးမှာပါ။ သုံးစွဲသူအခွင့်အရေး (တနည်း) ဈေးဝယ်သူအခွင့်အရေးနဲ့ ပတ်သက်ရင် ကာယကံရှင်ကိုယ်တိုင်က ကိုယ့်အခွင့်အရေးကိုပါ မသိနားမလည် ဖြစ်နေတာတွေကိုလည်း ပညာပေးဖို့ လိုအပ်နေပါသေးတယ်။ ကုန်အမှတ်တံဆိပ်တွေမှာ ကုန်ဆုံးရက် မပါတာတွေ၊ ပါဝင်ပစ္စည်းအချိုးအစား မပါတာတွေ၊ အာမခံ ပေးမထားတာတွေကလည်း ဈေးဝယ်သူ အခွင့်အရေးတခုအဖြစ် အသိပညာဖြန့်ဖို့ လိုအပ်နေပါသေးတယ်။ ပစ္စည်းအတုနဲ့ မသမာမှုတွေ၊ ကုန်ပစ္စည်းတင်သွင်းစဉ် ပါဝင်တဲ့ မူလဖြန့်ချိသူ ထည့်သွင်းပေးလိုက်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ အပိုဆောင်းပေးတဲ့ အသုံးဝင်ပစ္စည်းတွေဟာလည်း ဈေးဝယ်သူရဲ့ ရပိုင်ခွင့်တွေဖြစ်သလို အဲ့ဒါတွေကို အပြည့်အစုံ ထည့်မပေးခြင်းအတွက်လည်း ပြစ်မှုတခုဖြစ်တယ်ဆိုတဲ့ အသိရှိဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲ ဆိုတာကလည်း စဉ်းစားချက်မှာ အလေးထားစရာတခုပင် ဖြစ်နေပါတော့တယ်။

အချုပ်အားဖြင့်ပြောချင်တာက အစားအသောက်၊ ဆေးဝါးနဲ့ အချို့သော ကုန်ပစ္စည်းတွေအတွက် “စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ” နဲ့ အကာအကွယ်ပေးနိုင်ပေမယ့် အခြား လူသုံးကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ပစ္စည်အမျိုးအစားအလိုက် ဘယ်လို အကာကွယ်ပေးမှုတွေ ရှိမလဲ။ အာမခံချက်ပေးရုံနဲ့ လုံလောက်ပါရဲ့လား။ ဈေးဝယ်သူရဲ့ ရွေးချယ်ခွင့်အပေါ် ပုံချထားရုံနဲ့ အဆင်ပြေနိုင်ပါသလား။ လူထုနဲ့ အလှမ်းဝေးတဲ့ အီလက်ထရောနစ်ပစ္စည်းအချို့ရဲ့ ဘေးဥပဒ်လိုမျိုးတွေအတွက် ဒီဥပဒေက လက်လှမ်းမီပါ့မလားဆိုတဲ့ အတွေးကတော့ ဆက်လက်ကြီးထွားနေဆဲပါ။

စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဟာ အမှန်တကယ် လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ဖို့ဆိုရင်တော့ အားနည်းချက်များနေတဲ့ လက်ရှိ “စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ” ကို ပြင်ဆင်ဖို့လိုသလို ဥပဒေကို အကောင်အထည်ဖော်ပေးမယ့် အဖွဲ့အစည်း အားကောင်းဖို့လည်း လိုပါတယ်။ စားသုံးသူတွေ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို သိရှိဖို့လိုပါတယ်။ အစိုးရအနေနဲ့လည်း ပညာပေးမှုတွေ အများကြီးလုပ်ပေးဖို့ လိုနေပါတယ်။ တိုင်ကြားမှ စစ်ဆေးတာထက် ပုံမှန်စစ်ဆေးမှု၊ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေသလို နစ်နာသူတွေဘက်က အလွယ်တကူ တိုင်တန်းနိုင်တဲ့ စင်တာတွေရှိဖို့ လိုအပ်ပါတယ်။        ။

နော်ဘတ်တီဟန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013