DVB Logo
Home
မြန်မာသတင်း
မလေးရှား ကူညီထောက်ပံ့ရေးသင်္ဘောကို ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ခွင့်ပြု
DVB
·
January 19, 2017
မလေးရှား ကူညီထောက်ပံ့ရေးသင်္ဘောကို ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ခွင့်ပြု
Donate to DVB

ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်း တန်ချိန် ၁ ထောင်လောက်  တင်ဆောင်လာမယ့် မလေးရှားသင်္ဘော တစီးကို ရန်ကုန်ဆိပ်ကိမ်းကို လာရောက်ဆိုက်ကပ်ခွင့်  သဘောတူလိုက်ပြီလို့  မြန်မာနိုင်ငံခြားရေးဌာနက ပြောပါတယ်။

မလေးရှားသံအမတ်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဌာန၊  လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးပြီးနောက် သဘောတူညီမှုရ သွားတာဖြစ်ပါတယ်။

အကူညီတွေပေးချင်ရင် တရားဝင်ခွင့်ပြုချက်တောင်းခံပြီး လာရောက်ဖို့ ပြောထားတဲ့အတွက်  မလေးရှားသံအမတ်က လာရောက်တွေ့ဆုံပြီး သံတမန်လမ်းကြောင်းကနေ ခွင့်ပြုချက်တောင်းခံ လာတာလို့ မြန်မာနိုင်ငံခြားရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“မနေ့က လာတွေ့ပါတယ်၊ ကျနော်ကိုလည်း လာတွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ သယ်ဆောင်လာမယ့် သင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ကပ်ဖို့၊ ပစ္စည်းချဖို့၊ နောက်ဒီ ပစ္စည်းတွေကို ရန်ကုန်မှာချပြီးရင်  ကျနော်တို့ ဒီဘက်ကနေ လူမှုဝန်ထမ်း  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ရန်ကုန်ကနေ စစ်တွေကို ပို့ပေးပါမယ်။ စစ်တွေရောက်ရင် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ နှစ်ဖက်လူ့အဖွဲ့အစည်းကို ခွဲခြားမှုမရှိဘဲနဲ့  ဖြန့်ဝေသွားဖို့ သူတို့နဲ့ ညှိနှိုင်းထားပါတယ်။”

မလေးရှားသင်္ဘောဟာ ကွာလာလမ်ပူမြို့ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့လောက် ထွက်ခွာလာဖို့ရှိပြီး ခုတ်မောင်းချိန် ၇ ရက်နဲ့ ၁၀ ရက်အကြာမှာ  ရန်ကုန်ဆိပ်ကမ်းကိုကပ်ဖို့ ညှိနှိုင်းထားတယ်လို့လည်း ဦးကျော်မိုးထွန်းကပြောပါတယ်။

“သင်္ဘောပေါ်ပါလာမယ့်သူတွေရှိတယ်။ ဒါပေမယ့် ရန်ကုန်ဆိပ်ကမ်းကပ်ပြီးတော့ အပြင်အောက်ဆင်းမှာမဟုတ်ဘူး။ ဆိပ်ကမ်းမှာပဲ ပစ္စည်းလွှဲပြောင်းတဲ့ အခမ်းအနားလေးလုပ်ပြီးတော့ သူတို့ ပြီးတာနဲ့ ပြန်ထွက်သွားမယ်။”

မလေးရှားသင်္ဘောလာရောက်မယ့် အစီအစဉ်ကို မြန်မာအာဏာပိုင်တွေက နှုတ်အားဖြင့် သဘောတူလို့တာဖြစ်ပြီး စာနဲ့ သဘောတူညီချက် အမြန်ဆုံးရဖို့ မျှော်လင့်တယ်လို့ မလေးရှား သံအမတ်ကြီး မိုဟာမက် ဟာနစ်အဗဒူရာမန် ကပြောတဲ့အကြောင်း မလေးရှားနိုင်ငံထုတ် နယူး စထရိတ်တိုင်းသတင်းစာမှာရေးပါတယ်။

စားနပ်ရိက္ခာတွေ ဖြန့်ဝေဖို့ စစ်တွေဆိပ်ကမ်းမှာဆိုက်ကပ်ဖို့ အစီအစဉ်ကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ မြန်မာအာဏာပိုင်တွေက ငြင်းပယ်လိုက်တယ်လို့လည်း မလေးရှားသံအမတ်က ပြောပါတယ်။

“‘ဒီကနေ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ အခြေအနေမှာရှိတယ်။  အကူအညီတွေပေးတဲ့ အတွက် မြန်မာအာဏာပိုင်တွေက  ကျေးဇူးတင်တဲ့အကြောင်းလည်း သတင်းစကားပါးလိုက်ပါတယ်။ ဒါပေမယ့် စစ်တွေမှာတော့ နိုင်ငံရေးနဲ့ လုံခြုံရေးအကြောင်းအချက်တွေအပေါ်အခြေခံတယ်၊ ရန်ကုန်အထိပဲသွားနိုင်ပြီး အကူအညီပစ္စည်းတွေပို့လို့ရမယ်၊ အဲဒီကတဆင့် အကူအညီပစ္စည်းတွေ စစ်တွေကိုပို့လိမ့်မယ်”

မလေးရှားအစ္စလာမ်အဖွဲ့များအတိုင်ပင်ခံကောင်စီရဲ့အစီအစဉ်နဲ့လာရောက်မယ့် မလေးရှား  ထောက်ပံ့ရေးရေယာဉ်ဟာ  စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင်  အန်ဂျီအိုတွေ၊ မီဒီယာသမားတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ သင်္ဘောသားတွေ အပါအ၀င် လူ ၂၀၀လောက်တင်ဆောင်လာပြီး ရခိုင်ပြည်နယ်ကိုသွားရောက်ဖို့  စီစဉ်ထားတာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ မလေးရှားအနေနဲ့ သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်သင့်တယ် လို့ပြောပါတယ်။

“ဒီဖြစ်စဉ်တွေမှာ ဖြစ်ဖူးတဲ့ ဂါဇာ အနောက်ပိုင်းမှာ ပါလက်စတိုင်းတွေကို ကူညီဖို့လာတဲ့ ကိစ္စမျိုးနဲ့ ထပ်တူကျပါတယ်။ အဲတော့ အသွင်ယူ လှုပ်ရှားတဲ့ ရေဘေးသင့်တွေမှာ ပါလက်စတိုင်းနဲ့ အစ္စရေးကို ချဉ်းကပ်သလိုမျိုး ချဉ်းကပ်ဖို့ ပြည်တွင်းထောက်ခံမှု လျော့ကျနေတဲ့ မလေးရှားဘက်က လုပ်တဲ့ လုပ်နည်းလုပ်ဟန်အလွဲလို့ပဲ နားလည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလက်ရှိချဉ်းကပ်တဲ့ သံတမန်လမ်းကြောင်းမှာ အရှေ့တောင်အာရှ အာဆီယံမူအရ ကိုက်ပါတယ်။ ဒါကြောင့် လူသားချင်း ကိုယ်ချင်းစာတဲ့ အကူအညီကို ပေးချင်တယ်ဆိုရင်လည်း အစိုးရရဲ့ Diplomatic သံတမန် လမ်းကြောင်းမှပင် လာသင့်ပါတယ်။”

မလေးရှားထောက်ပံ့ရေး သင်္ဘော မြန်မာပြည်ကို လာရောက်မှာနဲ့ ပတ်သက်ပြီး နိုင်ငံကိုစော်ကားမှုဖြစ်လို့ လက်မခံဘူးလို့ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကပြောကြားထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013