DVB Logo
Home
မြန်မာသတင်း
ယန်စီကုမ္ပဏီ သိမ်းဆည်းထားသည့်မြေယာကိစ္စ ဖြေရှင်းပေးရန် တောင်သူများ တောင်းဆို
DVB
·
January 19, 2017
ယန်စီကုမ္ပဏီ သိမ်းဆည်းထားသည့်မြေယာကိစ္စ ဖြေရှင်းပေးရန် တောင်သူများ တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ စံပယ်တောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာယန်စီကုမ္ပဏီကို သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြးကိစ္စ တွေ့ဆုံရှင်းလင်းပေးဖို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဒေသခံတောင်သူတွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။

ဒေသခံတွေက ကြေးနီစီမံကိန်းကနေ သိမ်းဆည်းတဲ့ မြေယာကိစ္စဖြေရှင်းပေးဖို့နဲ့ ကြေးနီစီမံကိန်းကနေ ရေဆိုးဖောက်ထုတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၂၄ ရက်နေ့မှာ မြန်မာယန်စီကုမ္ပဏီရုံးခန်းမှာ တွေ့ဆုံဖြေရှင်းပေးဖို့ တောင်သူတွေက တောင်းဆိုလိုက်တာပါ။

အခုလိုတောင်းဆိုရတာဟာ ဒီအပေါ်မှာ ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ရဲ့ ရှင်းလင်းဆောင်ရွက်ပေးမှု ကြန့်ကြာနေတာကြောင့်လို့ ဒေသခံတောင်သူ ကိုတင့်အောင်စိုးက ပြောပါတယ်။

“ဖြေရှင်းပေးဖို့ ကြန့်ကြာနေတဲ့အတွက် ကျနော်တို့အနေနဲ့ တရားဝင်စာတင်ပြီး တောင်းဆိုတာပါ။ သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးကိစ္စအပါအဝင် ကုမ္ပဏီဘက်က စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကိစ္စလည်း ပါပါတယ်။ မြေယာလျော်ကြေးလည်း တဦးမှ မရသေးပါဘူး။ ကုမ္ပဏီဘက်က ၁ ဧကကို ၁၂ သိန်းဝန်းကျင် ပေးမယ်ဆိုပြီး တိုင်းအစိုးရရုံးကို စာတင်ထားတာ ရှိတယ်။ ဒီပမာဏက ကျနော်တို့ တောင်သူတွေအနေနဲ့ နည်းပါးလွန်းပါတယ်။ ဥပမာ လျော်ကြေးဆိုရင် လက်ပံတောင်းတောင်ကိစ္စ ရှေ့ပြေးရှိတယ်။ ကျနော်တို့ လိုချင်တာက လက်ပံတောင်းတောင်ဘက်က ပေးတဲ့ မြေယာလျော်ကြေးပမာဏအတိုင်းပဲ တန်းတူ လိုချင်တာပါ” လို့ ပြောပါတယ်။

ဒေသခံတွေ တောင်းဆိုနေကြတဲ့ မြေယာလျော်ကြေးကိစ္စအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဝန်ကြီးက ဥက္ကဋ္ဌပြုလုပ်ပြီး လွှတ်တော်ကိုယ်စားတွေ ပါဝင်တဲ့ ညှိနှိုင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

“အဖွဲ့ ဖွဲ့စည်းပြီး မြေယာစာရင်းဇယားတွေ စစ်ဆေးနေပါတယ်။ သိမ်းခံထားရတာတွေက ၁၉၇၆ ခုနှစ်ကာလ အရင်ကုမ္ပဏီတွေကတည်း စပြီး သိမ်းခံခဲ့ရတာဆိုတော့ နှစ်ကာလတွေက တော်တော်ကြာပြီ။ သိမ်းဆည်းခံမြေယာတွေက လက်ရှိ ကုမ္ပဏီအဆောက်ဦအတွင်းထဲက အပိုင်းနဲ့ အပြင်ဘက်ကအပိုင်း နှစ်ပိုင်းရှိတယ်။ အပြင်ဘက်ကအပိုင်းကလည်း တချို့အရင်ကတည်း စိုက်ပျိုးလုပ်ကိုင်စားခဲ့ကြတယ်။ စာရင်းက မကွဲပြားဘူး ဖြစ်နေလို့ အသေးစိတ် ပြန်စိစစ်နေရတယ်။ လျော်ကြေးအနေနဲ့ ကုမ္ပဏီကလည်း သူပေးနိုင်တဲ့ ပမာဏကို ချပြတယ်။ ဒေသခံတွေဘက်ကလည်း သူတို့ လိုချင်တဲ့ ကိုက်ညီမယ့် ပမာဏကို တောင်းဆိုတယ်။ စာရင်းဇယားတွေ အတိအကျ ထွက်လာရင်တော့ အားလုံးအဆင်ပြေအောင် နှစ်ဖက်တွေ့ဆုံပြီး ညှိနှိုင်းရမှာပေါ့" လို့ ပြောပါတယ်။

စံပယ်တောင် ကြေးနီစီမံကိန်းအတွက် ဒေသခံကျေးရွာတွေရဲ့ လယ်ယာမြေယာဧကပေါင်း ၆၀၀၀ ကျော်ကို သိမ်းဆည်းခံထားရတာဖြစ်ပြီး တောင်သူတွေအနေနဲ့ လျော်ကြေးမရရှိခဲ့ဘူးလို့ သိရပါတယ်။

မြန်မာယန်စီကုမ္ပဏီအနေနဲ့ စံပယ်တောင်ကြေးနီစီမံကိန်းကို ၁၉၉၆-၁၉၉၉ နှစ်က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြေယာ လျော်ကြေးပေးနိုင်မယ့် ပမာဏကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013