DVB Logo
Home
Lead Story
သွေးမတိတ်တဲ့နိုင်ငံတော်နဲ့ စတုတ္ထမြောက်တစ္ဆေ
DVB
·
January 18, 2017
သွေးမတိတ်တဲ့နိုင်ငံတော်နဲ့ စတုတ္ထမြောက်တစ္ဆေ
1 / 2
Donate to DVB

 

တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ညီအစ်ကိုချင်း သတ်ဖြတ် စစ်ခင်းနေရတဲ့ စစ်တလင်းလိုဖြစ်ပြီး သွေးစွန်းနေခဲ့တာ နှစ်ပေါင်း ၇၀ တွင်းကို ချဉ်းနင်းဝင်ရောက်လာပေမယ့် စစ်နဲ့ စီးပွားဖြစ်နေတဲ့ နှစ်ဘက်စလုံးက စစ်ဘီလူးတွေကတော့ စစ်မီးကို ငြှိမ်းသတ်ဖို့ အခုချိန်ထိတောင် အရိပ်အယောင် မပြသေးပါဘူး။

အခုဆိုရင် ပိုလို့တောင် ဆိုးဝါးလာတာက မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဆင်နွှဲနေတဲ့ ထိုးစစ်တွေကို တရားသောစစ်ဆိုပြီး ထောက်ခံကြိုဆိုပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပဲခူးလို  မြို့တော်တွေမှာ ပြည်သူအများစုက ငြိမ်းချမ်းရေးဆန္ဒ ပြင်းပြနေတာသိရက်နဲ့ ဆန့်ကျင်ပြီး ပြောင်ပြောင်တင်းတင်း လူသတ်စစ်ပွဲတွေကို မီးလောင်ရာလေပင့်သလို တွန်းအားပေးလာကြပါတယ်။

တကယ်တော့ စစ်အရမ်းတိုက်ချင်သူတွေ၊ စစ်လိုလားသူ လူနည်းစု ပြည်သူတွေဟာ အခုလို ပြည်သူအများစုဆန္ဒကို ငြင်းပယ်ခဲ့ကြတာဟာ အခုအကြိမ်မှ မဟုတ်ပါဘူး။ စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာ သူတို့အကျိုးစီးပွားအတွက် ပြည်သူအများစုဆန္ဒကို အမြဲတမ်း မျက်ကွယ်ပြု ဆန့်ကျင်ခဲ့ကြတာပါ။

သူတို့ဟာ စစ်တိုက်ရင် အခွင့်ထူးခံခွင့်ရမယ်၊ လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းတတ်ရင် ရာထူးတက်မယ်၊ အာဏာရှင်ရဲ့ သူကောင်းပြုခြင်းခံရမယ်ဆိုတာကို ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကနေစလို့ လက်နက်မဲ့ ကျောင်းသားတွေကို သတ်ခဲ့လို့ သားသတ်သမားစိန်လွင်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်စိန်လွင်တို့ကနေ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ  ရဟန်းရှင်လူ၊ မိဘပြည်သူတွေရဲ့ သွေးအစွန်းခံရဲသူတွေ ကောင်းစားတယ်ဆိုတဲ့ သာဓကများစွာ ရှိခဲ့တော့ လက်နက်ရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေ ဘာလုပ်လုပ် မှန်တယ်လို့ မှတ်ယူခဲ့တဲ့ အယူအဆက သူတို့ရဲ့ အသွေးအသားထဲထိ စိမ့်ဝင် အရိုးစွဲခဲ့ပုံရပါတယ်။

ဒီတော့ သူတို့ရဲ့အမှန်တရားဟာ ထစ်ခနဲရှိ တုတ်ဆွဲ ဓားဆွဲ၊ လက်ရဲဇက်ရဲလုပ်တတ်လို့ ရပ်ထဲရွာထဲက လူမိုက်လူရမ်းကားတွေလို တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စမှာတောင် တိုင်းရင်းသားလက်နက်ကိုင်တွေကို အမြစ်ဖြတ်ချေမှုန်းပြီးမှ အသာစီးနဲ့ သူတို့စိတ်ကြိုက် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေဘက်က အားမတန်လို့ မနိုင်လို့ အလျှော့ပေးရတဲ့ အကြောက်တရားကို အခြေခံတဲ့ ငြိမ်ဝပ်ပိပြားမှုကို ငြိမ်းချမ်းရေးလို့ မှတ်ယူနေကြပုံရပါတယ်။

တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နိုင်တဲ့နည်းလမ်း ရှိပါရက်နဲ့ ဆွေးနွေးပွဲတက်ရင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာ အကျပ်ကိုင်တာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရချင်လို့ ဖြစ်တယ်။

တကယ်ငြိမ်းချမ်းရေးရချင်သူတွေ၊ ဆွေးနွေးချင်သူတွေဆိုတာ ဘယ်လို ကြိုတင်တောင်းဆိုမှုမျိုးမှ တောင်းဆိုမနေပါဘူး။ မငြိမ်းချမ်းချင်သူတွေကသာ မိမိဘက် အသာစီးရဖို့ ဟိုဟာတောင်းဆို၊ ဒီဟာအကြောင်းပြပြီး ပွဲဖျက်လေ့ရှိတာ အားလုံးသတိပြုပါ။

နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေတဲ့ ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့သူတွေ၊ ထောက်ခံနေသူတွေအားလုံး အခုတခါ ရေလဲသုံးပြီး အကြောင်းပြလာတဲ့ စကားရပ်ကတော့ “သောင်းကျန်းသူတွေမရှိမှ ငြိမ်းချမ်းရေးရနိုင်တယ်” ဆိုတဲ့ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေးအခေါ် အဆိပ်ခတ်မှုကြီးပါပဲ။

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ သယံဇာတတွေ ခိုးထုတ်နေတယ်၊ ဆက်ကြေးတွေ ကောက်နေတယ်၊ ဘိန်းတွေ မှောင်ခိုနေတယ်ဆိုတာ အငြင်းပွားစရာ မလိုပါဘူး။ သူတို့အဖွဲ့အစည်း ရပ်တည်ရေးအတွက် လုပ်ကြမှာ လူတိုင်း တွေးနိုင်ပါတယ်။ နိုင်ငံလုံခြုံရေး ထိပါးနေတယ်၊ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ လူအများ သည်းခြေကြိုက် စကားလုံးတွေနဲ့ လက်ညှိုးထိုး အပြစ်တင်ပြီး စစ်ပွဲတွေ ဆင်နွှဲရုံနဲ့ ငြိမ်းချမ်းရေးမရပါဘူး။ ဒါတွေဟာ နိုင်ငံရေးပြဿနာတွေကနေ အခြေခံဖြစ်လာတာတွေပါ။ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ့်ကိစ္စတွေ ဖြစ်ပါတယ်။

အာဏာရှင်ကြီးဦးနေဝင်းရဲ့ မဆလခေတ်မှာတုန်းလည်း အများသည်းခြေကြိုက် ဘုံဝါဒလိုလို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ ရွှေပြားဖုံးပြီး လမ်းမှားခေါ်ခဲ့တယ်။

နဝတ၊ နအဖ ခေတ်မှာလည်း တိုင်းပြည်ချောက်ကမ်းပါးထဲကျဖို့ လက်တလုံးအလိုမှာ ကယ်တင်ဖို့ဆိုတဲ့ ရွှေပြားကပ်ပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့တယ်။

စစ်တပိုင်း၊ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတဲ့  ရွှေပြားထပ်ဖုံးပြီး တိုင်းပြည်ဘဏ္ဍာတွေ၊ သယံဇာတတွေ အပြောင်ရှင်းသွားကြပြန်တယ်။

အခုတခါ အမျိုး ဘာသာ၊ သာသနာကို ကယ်တင်ဖို့တို့၊ သောင်းကျန်းသူ အမြစ်ဖြတ် ချေမှုန်းရေးဆိုတဲ့ ရွှေပြားကပ်ပြီး ပြည်တွင်းစစ်ကို မီးထိုးအရှိန်မြှင့်ပြီး အပြောင်းအလဲကို ကန့်လန့်တိုက်နေကြပြန်ပြီ။

လွတ်လပ်ရေးရပြီးကတည်းကနေ ဒီကနေ့ချိန်ထိ မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်အာဏာရှင် အသိုင်းအဝိုင်းဟာ သူတို့အကျိုးစီးပွားကို တရားသဖြင့် အရယူတာ၊ ဖိနှိပ်ဗိုလ်ကျတာ၊ အခွင့်ထူးခံကြတာကို ဖုံးကွယ်နိုင်ဖို့နဲ့ သူတို့ကပဲ တိုင်းပြည်ကို ကာကွယ်နေသယောင် ဖြစ်အောင် အများပြည်သူတွေက ဟုတ်လိမ့်နိုးနဲ့ စိုးရိမ်ထိတ်လန့်စေနိုင်တဲ့ အရေးအရာကိစ္စရပ်တွေ (တစ္ဆေကြီးတွေ) ကို ရှေ့တန်းတင်ပြီး ခြောက်လှန့်ခဲ့ကြပါတယ်။

ပထမတစ္ဆေကတော့... လွတ်လပ်ရေးရပြီးစနဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းတုန်းက သုံးခဲ့တဲ့ တိုင်းရင်းသားတွေ ခွဲထွက်သွားရင် ပြည်မကြီးပဲ ကျန်လိမ့်မယ်လို့ အဓိပ္ပာယ် တလွဲကောက်ထားတဲ့ ဖက်ဒရယ်တစ္ဆေပါပဲ။

ဒုတိယတစ္ဆေကတော့ မဆလခေတ်တလျှောက်လုံးတင်မက ၈၈ အာဏာသိမ်း စစ်အစိုးရတိုင်အောင် ရေလဲသုံးခဲ့တဲ့ ကွန်မြူနစ်တစ္ဆေပါပဲ။ သူတို့လုပ်တာနဲ့ အရွယ်မရောက်သေးတဲ့ အထကကျောင်းသားလည်း ကွန်မြူနစ်၊ ဘုန်းကြီးလည်း ကွန်မြူနစ် ဖြစ်ရတော့တာပါပဲ။

တတိယတစ္ဆေကတော့ အရင်စစ်တပိုင်း အရပ်သားတပိုင်း အစိုးရလက်ထက်မှာ အသုံးပြုခဲ့တဲ့ ဘင်ဂါလီတစ္ဆေပါပဲ။ လူအများသည်းခြေကြိုက် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးကိစ္စကို ရှေ့တန်းတင်ပြီး သူတို့ကို ထောက်ခံလာအောင် လှည့်ဖြား အသုံးချခဲ့တာပါပဲ။

အခုနောက်ဆုံး စတုတ္ထမြောက်တစ္ဆေကတော့ အများသိကြတဲ့အတိုင်း ဥပဒေအထက်မှာ သူတို့ အခွင့်ထူးခံနေတာကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ ပြည်သူတွေ အလိုမတူဘဲ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရယူထားတဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို သူတို့ကပဲ ကာကွယ်နေရသယောင်  ဖြစ်အောင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို သူပုန်လို့ ခေါ်ဝေါ်သမုတ်ပြီး အသုံးချခဲ့တဲ့ သောင်းကျန်းသူ အဖျက်သမားတစ္ဆေပါပဲ။

ဒီလိုရေးလို့  ကေအိုင်အေ (KIA) တို့၊ ရခိုင်တပ်မတော် အမည်ခံထားတဲ့အဖွဲ့ (AA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လုပ်ကိုင်ခဲ့တာတွေအားလုံး မှန်တယ်လို့ ထောက်ခံတာ မဟုတ်ပါဘူး။ အဲဒီတိုင်းရင်းသားအဖွဲ့တွေရဲ့ လုပ်ရပ်အမှားတွေ ရှိတာလည်း အများပြည်သူတွေက သိပြီးသားပါပဲ။

ဒါကိုပဲ အခါခါသေခဲ့ဖူးပေမယ့် ပျဉ်ဖိုးနားမလည်နိုင်ဘဲ တချို့ပြည်သူတွေက နားယောင်ချင်သလိုလို ဆိုရင်တော့ လူတယောက်ဟာ အကြိမ်ကြိမ်အခါခါ အလိမ်ခံရတယ်၊ လမ်းမှားအပို့ခံရတယ် ဆိုရင်တော့ အလွန်ညံ့ဖျင်းရာကျသလို မိမိနဲ့ မိမိမျိုးဆက်တွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့အနာဂတ်ကို သစ္စာဖောက်ရာကျနေတယ်ဆိုတာ သတိပြုမိကြဖို့ ထပ်လောင်းသတိပေးလိုက်ပါရစေ။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013