DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မျက်နှာဖုံးစွပ်နှစ်ဦးက လူတဦးကို သေနတ်ဖြင့်ပစ်သတ်
DVB
·
January 18, 2017
ဖားကန့်တွင် မျက်နှာဖုံးစွပ်နှစ်ဦးက လူတဦးကို သေနတ်ဖြင့်ပစ်သတ်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှာ မနေ့ ညနေပိုင်းက လူတဦးသေနတ်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဖားကန့်မြို့နယ် လုံးခင်းဒေသခံ ဦးလောခန်က ပြောပါတယ်။

“မနေ့ညနေ ၄ နာရီခွဲကျော်က လူတစ်ယောက် သေနတ်ပစ်ခံရပြီး ဆေးရုံသယ်လာတယ်လို့ သတင်းကြားလို့ ကျနော်လည်း ဆေးရုံ ရင်ခွဲရုံမှာ သွားကြည့်တာ၊ ခေါင်းမှာ သေနတ်ဒဏ်ရာ ၃ ချက်ထိသွားတယ်။ သေသွားတဲ့သူက ကိုမောင်တိုးတဲ့ အသက် ၄၀ ကျော်လောက်ရှိမယ်။ သူ့အိမ်မှာ သူနေရင်း လူ ၂ ယောက် ဆိုင်ကယ်စီးပြီး ရောက်လာပြီးတော့ ပစ်သွားတယ်တဲ့၊ ဘာကြောင့် ပစ်သွားတာလဲတော့ မသိဘူး၊  သူ့အလောင်းကို ဒီနေ့သင်္ဂြိုဟ်မယ်။”

သေဆုံးသူ ကိုမောင်တိုးဟာ ရှမ်းနီလူမျိုးဖြစ်ပြီး  ရေမဆေးကျောက်အလုပ်ကို လုပ်ကိုင်ကာ ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်တစ်ဦးလည်း  ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးခင်းရဲစခန်း၊ ဖားကန့်ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေပမယ့် ဖြေကြားပေးမယ့်သူ မရှိသေးပါဘူး။

လုံးခင်းမြို့နယ် ရှမ်းနီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ဒု - ဥက္ကဋ္ဌ ဦးမောင် မောင်ထက်ကတော့  ကေအိုင်အေအဖွဲ့ဝင်တွေက ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ကိုတိုးက သူ့အိမ်ဝင်းထဲမှာပဲ ကျောက်တွေထိုင်ရွေးနေတုန်း မျက်နှာမှာဖုံးကာစွပ်ထားတဲ့ လူ ၂ ယောက်က ဆိုင်ကယ်စီးပြီး သူ့ကိုထိုင်ခိုင်းပြီး ပစ်သွားတာလို့ သူ့မိန်းမကပြောတယ်။ ဒါနဲ့ပတ်သက်ပြီး အရင်ကတော့  ဒီလိုပြဿ နာလေးရှိခဲ့ဖူးတယ်ဗျ။ လွန်ခဲ့တဲ့ တလလောက်က ကိုတိုးရဲ့ ရေမဆေးကျောက် ရှာတဲ့လူတယောက်ကို ကေအိုင်အေအဖွဲ့ဝင်တယောက်က သေနတ်နဲ့ ပစ်တယ်။ ခြေတောက်မှာ မှန်သွားတယ်။ အဲဒီတော့ ရေမဆေးရှာတဲ့သူတွေက အင်နဲ့အားနဲ့  အဲဒီကေ အိုင်အေကလူကို ပြန်ပြီး ဖမ်းကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်သလားလို့ သုံးသပ်ရတယ်လေ။ တခြား ဘာပြဿ နာရှိသေးလဲတော့ မသိဘူးပေါ့။ ဒါပေမယ့် ရှမ်းနီပါတီဝင်တွေ ခဏခဏ အသတ်ခံ ရတာတော့ ထူးခြားတယ်။”

ဖားကန့်ဒေသမှာ မနှစ်ကလည်း နမ့်မော်ရွာက ကို ထွန်းလွင် နဲ့ ကိုကံဆက်ဆိုသူ ရှမ်းနီပါတီဝင် ၂ ဦး အသတ်ခံခဲ့ရပြီး အဆိုပါလူသတ်တရားခံတွေကိုတော့ ရဲတပ်ဖွဲ့ဘက်က ဖမ်းဆီးရမိခြင်း မရှိသေး ပါဘူး။

ဒီကနေ့မနက်ကလည်း လုံးခင်းအပိုင် မလန်းကျေးရွာမှာ လူတယောက်ထပ်မံအပစ်ခံရကြောင်း ကနေဦး သတင်းရပြီး လူနာသွားသယ်နေတဲ့ လူမှုကူညီရေးအဖွဲ့တွေ ပြန်မရောက်သေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေ မသိရသေးဘူးလို့  ဦးမောင်မောင်ထက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013