
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ရန်ဟီးလီတို့ ဒီနေ့ မနက်ပိုင်းက နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။
၂၁- ရာစုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေး ကိစ္စတွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ကိစ္စ၊ တည်ဆဲဥပဒေတွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပြန်လည်သုံးသပ်တွေ ပြုလုပ်တဲ့ကိစ္စနဲ့ ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်တွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးမှု တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရတဲ့ အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မစ္စရန်ဟီးလီက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - Ministry of Foreign Affairs Myanmar











