DVB Logo
Home
မြန်မာသတင်း
ခရီးသည်များပြားလာမှုကြောင့် မြို့ပတ်ရထားလိုင်းတိုးချဲ့ပြေးဆွဲ
DVB
·
January 18, 2017
Donate to DVB

ရန်ကုန်မြို့တွင်း YBS ဘစ်ကားစနစ်သစ်နဲ့ စတင်ပြေးဆွဲနေချိန်မှာ ရထားစီးခရီးသည်တွေ ပိုများလာတာကြောင့် မြို့ပတ်ရထားလိုင်း ၂ လိုင်း တိုးချဲ့ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထား ဌာနကပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်ကစတင်တဲ့ ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲမှာ သွားရေးလာရေး အဆင်မပြေ အခက်အခဲရှိတဲ့ ခရီးသည်တွေအနေနဲ့ မြို့ပတ်ရထားပြောင်းလဲ စီးနင်း လာနေကြတာဖြစ်ပါတယ်။

မြန်မာ့မီးရထားအနေနဲ့ မနက်ရုံးတက်ချိန် အင်းစိန်မှရန်ကုန်နဲ့ ညနေရုံးဆင်းချိန်  ရန်ကုန်မှ မင်္ဂလာဒုံ ဘက်ကို အထူးရထား ၂ စီးတိုးချဲ့ပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားဌာန ရန်ကုန်တိုင်းဒေသကြီး အမှတ်-၇ သွား/လာရေးမန်နေဂျာ ဦးဇော်လွင်ကပြောပါတယ်။

လက်ရှိအခြေအနေအရ ဥက္ကံဘက်က ခရီးသည်တွေ ရန်ကုန်မြို့ထဲလာဖို့ အခက်အခဲရှိနေတဲ့ အတွက် ဥက္ကံ-အင်းစိန်အထိ ရထားလိုင်းကို တပတ်အတွင်း တိုးချဲ့ပြေးဆွဲ သွားမယ်လို့ မြန်မာ့ မီးရထားဌာန  စီးပွားရေး အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်ကပြောပါတယ်။

“ဥက္ကံကလာတဲ့ကားက ဘယ်မှာဆုံးလဲဆိုတော့ ထောက်ကြန့်မှာ ဆုံးတယ်။ ထောက်ကြန့်က နေပြီး ရန်ကုန်မြို့ထဲကို နောက်ထပ် လိုင်း ၄ လိုင်းနဲ့ ပြန်စီးရတာပေါ့။ ဥက္ကံကို တိုးချဲ့ပြေးဆွဲဖို့ဆိုပြီး ကျနော်တို့ နဂိုကတည်းက အစီအစဉ်ရှိပြီးသား ဖြစ်ပါတယ်။ အခုတော့ ဥက္ကံက ခရီးသည်တွေက ရန်ကုန်မြို့ထဲ တောက်လျှောက်လာမယ်ဆိုရင်တော့ ရထားစီးပြီးတော့မှပဲ အဆင်ပြေမယ့် အနေအထားရှိတဲ့အတွက် မနက်ဖြန်ဆိုရင် ဥက္ကံကို သွားပြီးတော့ လိုအပ်တာ ကျနော်တို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။ အစောဆုံး တရက် နှစ်ရက်အတွင်းမှာပဲ အင်းစိန်နဲ့ တိုက်ကြီး ပြေးတဲ့ RBE ရထားကို ဥက္ကံအထိ တိုးချဲ့ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးလည်း အကြီးအကဲတွေကို တင်ပြပြီး ဖြစ်ပါတယ်။”

မြန်မာ့မီးရထားဌာနအနေနဲ့  နေ့စဉ်ခရီးသည် ၈ သောင်းကျော်ရဲ့ သွားလာရေး အဆင်ပြေ အောင် မြို့ပတ်လမ်းပိုင်းမှာ  ရထားတွဲဆိုင်းပေါင်း ၂၃ ဆိုင်းကို အသုံးပြုပြီးတော့ တနေ့ကို ရထား အခေါက်ရေ ၂၁၅ ခေါက် ပုံမှန်ပြေးဆွဲပေးနေတာပါ။

အခုအချိန်မှာ ရထားကို အားထားပြီး ခရီးသွားမယ့်သူတွေ မြင့်တက်လာမယ့်အတွက် ရထားအချိန်တွေကို ပုံမှန်ပြေးဆွဲပေးနိုင်ဖို့နဲ့ ခရီးသည်တွေ လုံခြုံမှုရှိဖို့အတွက် အကောင်းဆုံး ပြင်ဆင်ပေးထားတယ်လို့ မန်နေဂျာ ဦးဇော်လွင်က ပြောပါတယ်။

“၂၉ ရက်နေ့ကစပြီးတော့ ကျနော်တို့ အချက်ပြမီးတိုင်တွေ မီးနီတဲ့အတွက် ကျနော်တို့ နောက်ကျနေတာပါ။ ဘယ်လောက်ထိ နောက်ကျသလဲဆိုရင် ၂၅ စီး၊ အစီး ၃၀၊ ၃၅ စီး၊ ၄၅ စီး စသည်ဖြင့်ပေါ့လေ။ အဲဒီလောက်အထိ နောက်ကျတယ်။ ကျနော်တို့ ချက်ချင်းပဲ ဒါနဲ့ပတ်သက်ပြီး ၂၉ ရက်နေ့က ဖြစ်တယ်။ ၃၀ ရက်နေ့မှာ ချက်ချင်း မြန်မာ့မီးရထားဌာနမှာရှိတဲ့ ဌာနခွဲတွေ အကုန်လုံး ခေါ်ပြီးတော့ ဒါကို ဘယ်လိုဆောင်ရွက်မလဲလို့ ချက်ချင်း ကျနော်တို့ အစည်းအဝေးထိုင်ပြီး ပြုပြင်ရေး စပြီးဆောင်ရွက်တယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ ၁၀ ရက်နေ့မှာ အချက်ပြမီးတိုင်တွေ အားလုံး ပြင်ဆင်ပြီးစီးသွားတယ်။ မနေ့ကဆိုရင် ကျနော်တို့ ရထားအချိန်မှန်မှုက ၉၅ ရာခိုင်နှုန်း အချိန်မှန်ကန်မှု ရှိခဲ့ပါတယ်။”

ခရီးသည်တွေပုံမှန်ထက် ပိုပြီးစီးနင်းလာနိုင်တဲ့အတွက် (၃)ရက်လောက်ကြိုတင်စီ စဉ်ထားပြီးဖြစ်သလို ခရီးသည်တွေရဲ့ အခက်အခဲအတွက် လိုအပ်ပါက ထပ်မံပြေးဆွဲ သွားဖို့ တွဲဆိုင်းတွေပြင်ဆင်ထားတယ်လို့ လည်း မြန်မာ့မီးရထားဌာန တာဝန်ရှိသူကပြောပါတယ်။
သတင်း - စိုးယုဇော်/ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013