DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ရန်ပုံငွေဖြင့် လမ်းပြင်ပေးရန် ညောင်ပင်သာဒေသခံများ တောင်းဆို
DVB
·
January 18, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး  ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့မှာ ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေ ကျပ် သိန်းတစ်ထောင်ထဲကနေ လမ်းပြင်ဆင်ဖို့ ခွင့်ပြု သတ်မှတ်ထားတဲ့  ငွေကျပ် သိန်း ၅၀ ကို သုံးပြီး လမ်းပြင်ပေးခဲ့တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်သာမြို့ရှိ ဇေယျာသီရိ  ၃ လမ်းကိုလွှတ်တော်ရန်ပုံငွေနဲ့ လမ်းပြင်ဆင်မပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  ဒေသခံတွေက ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဝင်းမှာ မီဒီယာတွေကို  မနေ့က သတင်းစာရှင်းလင်း ပြောကြားခဲ့တာပါ။

လမ်းပြင်ဆင်ရေးကော်မတီဝင် ဦးလှအောင်က "ဒီလမ်းကို ကျောက်ချောလမ်းခင်းပေးဖို့ ကျနော်တို့က တင်ပြထားတယ်ကြတယ်ဆိုတာ ကိုလည်း တိုင်းဒေသကြီး ကိုယ်စားလှယ်က ပြောတယ်။ အဲဒီမှာ လမ်းဘေးရေနုတ်မြောင်းတွေ ဘာတွေလုပ်ပြီးလမ်းပြင်ဖို့ ကော်မတီတွေ ဘာတွေဖွဲ့ပြီးပြီ။ အခုမှ မပါဘူးဖြစ်ပြန်တယ်။ အခြားဘယ်နေရာကို ပြောင်းသုံးလဲတော့မသိဘူး။ ကျနော်တို့ လမ်းကိုတော့ ပြင်ပေးစေချင်တယ်။" လို့ ပြောပါတယ်။

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်ထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြူးမြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွန့် ကတော့  ပြန်ချထားပေးတဲ့ ရန်ပုံငွေထဲမှာ အဆိုပါ လမ်းပြင်ဆင်ဖို့ မပါဝင်ဘူးလို့ ပြောပါ  တယ်။

"ကျနော်တို့ချပေးထားတဲ့ လုပ်ငန်းကလည်း သိန်းငါးဆယ်ထက်ပိုလို့ မရပါဘူး။ ဒေသတွင်းမှာ တကယ်လိုအပ်တဲ့နေရာတွေမှာ သုံးတာပါ။ အဲဒီလမ်းက တင်တဲ့အထဲမှာ တော့ပါပါတယ်။ အုပ်ချုပ်ရေးမှုးတွေက တင်တာပါ။ ဒါပေမယ့် ပြန်ချပေးတဲ့အထဲမှာတော့ မပါပါဘူး။ အဲဒါကိုတင်လိုက်ရင် ပါတယ်ပဲထင်နေတာနေမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။ ကျနော်တို့ အဖွဲ့ကိုလည်း ကော်မတီဝင် ၇  ဦးနဲ့ ဖွဲ့ထားတာပါ။ ကိုယ်စားလှယ်တွေနဲ့ ထွေအုပ်လည်း ပါ ပါတယ်"

ဇေယျာသီရိ  ၃ လမ်းဟာ အရှည်  ပေ ၁၈၀၀၊ အကျယ် ပေ ၂၀ လောက် ရှိတဲ့ လမ်းဖြစ်ပါတယ်။ အဆိုပါလမ်းကို  အိမ်ထောင်စု ၅၀၀ လောက် မှီခိုနေရပြီး ကျေးရွာ ၃ ရွာမှ ဒေသခံတွေလည်း သွားလာအသုံးပြုနေတာဖြစ်ပြီး မြေသားလမ်းအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013