DVB Logo
Home
မြန်မာသတင်း
အများပိုင်စနစ် တွင် မပါဝင်ချင်သည့် ကားများကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူမည်
DVB
·
January 18, 2017
Donate to DVB

ခရီးသည်တင်ယာဉ်ပိုင်ရှင်တွေအနေနဲ့ အများပိုင်စနစ် YBS မှာ မပါဝင်ချင်ဘူးဆိုရင် ပြေးဆွဲမယ့်ကားတွေကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူနိုင်အောင် စီစဉ်ပေးနေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

တချို့သောယာဉ်ပိုင်ရှင်တွေက အများပိုင်စနစ်ကို ကူးပြောင်းတဲ့နေရာမှာ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားမှုမရှိဘဲ အရင်လို တဦးချင်းပိုင်ဆိုင်တဲ့ ပုံစံမျိုးနဲ့ပဲ ပြေးဆွဲချင်တာမျိုးတွေ ရှိနေပါတယ်။

ဒါကြောင့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ အများပိုင်စနစ်မှာ မပါဝင်ချင်ဘူးဆိုရင် ပြေးဆွဲမယ့်လိုင်းကားတွေကို ကာလပေါက်ဈေးအတိုင်း ဝယ်ယူနိုင်အောင် စီစဉ်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“အခု တဦးချင်းစီပိုင်တဲ့ ကားတွေအားလုံးကို ကျနော်တို့ဆီမှာ ထားခဲ့မလား။ ထားခဲ့မယ်ဆိုရင် ကျနော်တို့ ပိုက်ဆံပေးလိုက်တော့မယ်။ ဒါမှမဟုတ် ကျနော်တို့ဆီမှာ အစုရှယ်ယာ ပိုက်ဆံထည့်မလား။ သူ့ကားက သိန်း ၁၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ ပိုက်ဆံယူပြီး သွားမလား၊ ဒါမှမဟုတ် ကျနော်တို့ထဲမှာ အစုရှယ်ယာအနေနဲ့ ဒီစနစ်ထဲမှာ ဝင်ပါမလား။ အဲဒီလို မလုပ်ဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရဘူး ဖြစ်နေတယ်။”

ဇန်နဝါရီ ၁၆ ရက်နေ့မှာ ခရီးသယ်တင်ယာဉ်တွေကို အများပိုင်စနစ် စတင်ပြောင်းလဲပြေးဆွဲတဲ့နေရာမှာတော့ ယာဉ်ပိုင်ရှင်အချို့က အရင်ပုံစံအတိုင်း ပြေးဆွဲလို့ ရရှိတဲ့ ဝင်ငွေကို ယာဉ်လိုင်းဂိတ်တွေမှာ လာတောင်းနေတာတွေလည်း ရှိနေပါတယ်။

“အခုချိန်ထိ ကားပိုင်ရှင်တွေက တစီးချင်းပဲ ပိုင်ချင်နေတုန်းပဲ ဖြစ်နေသေးတယ်။ အခုလည်း ဂိတ်မှာလာပြီး ပိုက်ဆံလာတောင်းနေတယ်။ ကျနော့်ကားက ဆွဲတဲ့ပိုက်ဆံကို ကျနော့်ကိုပေးလို့ လာတောင်းတယ်။ ကျနော်တို့ မပေးဖို့ တားထားတယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ခရီးသည်တင်ယာဉ်တွေကို အများပိုင်စနစ် စတင်ပြောင်းလဲ ပြေးဆွဲတဲ့ နေ့မှာတော့ ခရီးသွားပြည်သူတွေရဲ့ မြို့တွင်းသွားလာရေးမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ခရီးသွားပြည်သူတွေအတွက် ယာဉ်မလုံလောက်တဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013