DVB Logo
Home
Lead Story
မဟာမိတ်ကောင်းတွေကို အားလုံးဖျက်ဆီးခဲ့တာသူပဲ - ဒေါက်တာအေးမောင်
DVB
·
January 17, 2017
မဟာမိတ်ကောင်းတွေကို အားလုံးဖျက်ဆီးခဲ့တာသူပဲ - ဒေါက်တာအေးမောင်
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောဒေသက ကျေးရွာတွေ အပါအဝင် စစ်တွေ၊ ရသေ့တောင်နဲ့ ဘူသီးတောင်ဒေသကို ဇန်နဝါရီ ၁၃ ရက်ကနေ ၁၆ ရက်ထိသွားရောက်ပြီး ရွာသားတွေ၊ ဒုက္ခသည်တွေ၊ ရပ်မိရပ်ဖတွေ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အပေါ် ရခိုင်အမျိုးသားပါတီရဲ့ သဘောထားသိရဖို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး - ပြီးခဲ့တဲ့ရက်က ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ရခိုင်ပြည်နယ်ကို လာလေ့လာသွားတယ်။ ဒီခရီးစဉ်ဟာ အရင်ခရီးစဉ်တွေနဲ့ ဘာများထူးခြားတယ်လို့ ထင်ပါသလဲ။

ဖြေ - ကျနော်တို့ကတော့ စိုးရိမ်တယ်ဗျာ။ ပထမတချက်တော့ အင်မတန်စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုရဲ့ ပြဿနာဟာ  အမြင့်ဆုံးကိုရောက်နေပြီလို့ ထင်တယ်။ ဒီအချိန်မှာ ကျနော်တို့ တိုင်းရင်းသားများသည်လည်းကောင်း၊ နိုင်ငံတော်ကို အုပ်ချုပ်ခွင့်ရတဲ့အစိုးရသည် လည်းကောင်း၊ တပ်မတော်သည်လည်းကောင်း ကျနော်တို့ရဲ့ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်နိုင်ခြေရှိတယ်ဆိုတဲ့ ကဏ္ဍတခုကို စဉ်းစားဖို့ လိုအပ်တယ်။ တနည်းအားဖြင့် ဒေသတွင်းစစ်ကနေ ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကနေ ဒေသစစ်အထိ ဖြစ်သွားနိုင်တာပေါ့။ ရခိုင်နဲ့ပတ်သက်လို့ ပြန်သုံးသပ်ဖို့ ကျနော်တို့ အသင့်ပြင်ထားဖို့လိုတယ်။ ဒါလေးတခုတော့ ကျနော် သတိပေးလိုတယ်။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့အစိုးရလက်ထဲက ချဉ်းကပ်ပုံနဲ့ အခုအစိုးရလက်ထက် ချဉ်းကပ်ပုံ နိုင်ငံတကာ အစိုးရရဲ့ အမြင်မတူဘူး။ ဆိုတော့ အခုအစိုးရ ချဉ်းကပ်ပုံမှာ ရခိုင်ကိစ္စကို သူတို့ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ သူတို့က ယုံကြည်မှု အင်မတန်လွန်ကဲတယ်။ ဒါကြောင့်လည်းပဲ ဒုတိယသမ္မတ တဦး ဦးဆောင်တဲ့ ပြီးခဲ့တဲ့အစိုးရ ဗဟိုကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်လာတာပေါ့။ နောက်လုပ်ငန်းကော်မတီ ၄ ခုဖွဲ့ပြီးခါမှ ရခိုင်ကိစ္စ ကော်မရှင်ကို အကြံပေးနိုင်တဲ့ ကိုဖီအာနန်ကော်မရှင်တခုကို ဖွဲ့လိုက်တာရှိတယ်။ အဲဒီ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့လိုက်ခြင်းသည် နိုင်ငံတကာ ဝင်ရောက်စွက်ဖက်နိုင်ဖို့အတွက် လမ်းကြောင်းဖွင့်ပေးတယ်လို့ ကျနော်တို့ဘက်က နားလည်ပြီးတော့ ကျနော်တို့က တစိုက်မတ်မတ် ကန့်ကွက်တယ်။ ပါလီမန်အတွင်းမှာလည်း ကန့်ကွက်တယ်၊ ကျနော်တို့ဒေသမှာလည်း ကန့်ကွက်တယ်။ ဒေသ ပါလီမန်မှာလည်း ကန့်ကွက်တယ်။ လူထုနည်းရော ပါလီမန်နည်းရော၊ ပါတီနည်းရော သုံးတယ်။ ဘာကြောင့်လဲဆိုရင် ကိုဖီအာနန် ကော်မရှင်ဖွဲ့ဖို့အတွက် ကိုဖီအာနန်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်တို့က ချဉ်းကပ်တာလား။ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့ပါလို့ ကိုဖီအာနန် ဖောင်ဒေးရှင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံရုံးကို ချဉ်းကပ်တာလား။ ချဉ်းကပ်မှုမတူလို့ရှိရင် ကိုဖီအာနန်ဖောင်ဒေးရှင်းနောက်မှာရှိတဲ့ ငွေကြေးထောက်ပံ့တဲ့ နိုင်ငံတကာ ကွန်ရက်တွေရဲ့ အန္တရာယ်ကို ကျနော်တို့ စိုးရိမ်ပါတယ်။

တပြိုင်တည်း ယန်ဟီးလီ၊ အရင်ဆိုရင် ကင်တားနား၊ လူ့အခွင့်အရေးကော်မရှင်မှာ ၃ ယောက် ကျနော်တို့နိုင်ငံကို တာဝန်ထမ်းဆောင်ပြီးပြီ။ ဒီနေရာမှာ R2P နဲ့ ပြောရမယ်ဆိုရင် အဲဒီမှာ တတိယကော်မရှင်အတွင်းမှာ မြန်မာနိုင်ငံအစိုးရက ပထမဆုံး စမ်းသပ်တဲ့ ဝေါဟာရတခုရှိတယ်။ အဲဒါက ရခိုင်ပြည်နယ်မှ အသိုင်းအဝန်းဆိုတာ သုံးတယ်။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ မခေါ်ရဘူး။ ဗုဒ္ဓဘာသာ အသိုင်းအဝန်း၊ မွတ်စလင် အစ္စလာမ်အသိုင်းအဝန်းဆိုတဲ့ သဘောမျိုးနဲ့ မိတ်ဆက်တယ်။ အဲဒီမှာ ကန့်ကွက်မှုတွေ အများကြီးဖြစ်လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကိုသွားတဲ့အခါမှာ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာနဲ့ သူက ပြောတဲ့အခါမှာ အခုနက တိုင်းရင်းသားတွေမှာ ပါလိုတဲ့ သူတို့ရဲ့လုပ်ကြံထားတဲ့ ရိုဟင်ဂျာ နာမည်ခံထားတဲ့ ပြည်ပအဖွဲ့အစည်းများအားလုံးဟာ တညီတညွတ်တည်းနဲ့ အကုန်ဖိအားပေးပါတယ်။

အဲဒီမှာ အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်ဆိုတာ ပေါ်လာတယ်။ ဒီဖြစ်စဉ်မှာ အခုန လူသူလက်နက်အားလုံးပေါင်းပြီးမှ စစ်ဌာနချုပ်ကို ဝင်သိမ်းတာပေါ့။ လက်နက်တွေသိမ်းတယ်။ ကျည်ဆန်တွေသိမ်းတယ်။ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတယ်။ ဂျီဟတ်ပုံစံ စစ်ဆင်ရေးတွေ ပါလာတယ်။ တပြိုင်နက် အတွင်းအပြင်ညှပ်ပြီး လှုပ်ရှားလာတယ်။ အဲဒီအခါမှာ တပြိုင်နက်လှုပ်ရှားလာတာက တခြား အစ္စလာမ္မစ်နိုင်ငံတွေရဲ့ အိုအိုင်စီ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေက လှုပ်ရှားလာကြတယ်။ အဲဒီအခါမှာ အခုနက ကုလသမဂ္ဂက နိုဘယ်ဆုရှင် ၁၁ ဦး လက်မှတ်ထိုးပြီး လုံခြုံရေးကောင်စီကို တောင်းဆိုတာတို့ ဘာတို့ လုပ်လာတယ်။

မလေးရှားရဲ့ လူသားချင်း ကိုယ်ချင်းစာတဲ့ အကူအညီပေးရေး၊ ရေကြောင်းစစ်ဆင်ရေးက စတယ်။ တပြိုင်တည်း ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း တရုတ်ပြည်ကဝယ်တဲ့ ရေငုပ်သင်္ဘောကို စပြီးတော့ မိတ်ဆက်တယ်။ ဆိုတော့ အခုလက်ရှိအခြေအနေ နောက်ဆုံး အခုလာနေတဲ့ ယန်ဟီးလီရဲ့ ပြည်တွင်းတွေ့ဆုံမှုတွေမှာ လုံးဝ လုံခြုံရေးအဖွဲ့အစည်းများကို လက်မခံဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့ အတွင်းဝင်ပြီး စုံစမ်းနေမှု၊ သူ့ရဲ့အစီရင်ခံစာဟာ ဘာမှန်းမသိဘူး။ ဖြစ်လာမယ့်အခြေအနေအားလုံးကို ပြန်ကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း လက်ရှိ မြန်မာအစိုးရကို ထောက်ခံပူးပေါင်းတဲ့ အနေအထားက တဖြည်းဖြည်း လျော့လျော့သွားတယ်။

ဆိုလိုတာက ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဖြစ်တဲ့ တရုတ်တောင်မှ ပြီးခဲ့တဲ့အစိုးရကို အသေအလဲ ခုခံကာကွယ်သော်လည်း လက်ရှိအစိုးရကို ကာကွယ်တဲ့ပုံရိပ် မတွေ့ရဘူး။ အဲဒီအခါမှာ နိုင်ငံတကာဖိအားတွေနဲ့ ကျနော်တို့ မြောက်ပိုင်း ရခိုင်ပြည်နယ်ကို  နိုင်ငံတကာ အာရုံစူးစိုက်မှုရှိအောင် ယန်ဟီးလီ လာတာတို့၊ မလေးရှားဘက်က လာမယ့် အစီအစဉ်တို့ အားလုံး တဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်မှာလည်းပဲ ၅၅ သိန်းလောက်ရှိတဲ့ ဒီဘက်က ပုဂ္ဂိုလ်ကို အတင်းလက်ခံရမယ်ဆိုတဲ့ လူထုရဲ့ဖိအားတွေဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးထက် ပြည်ပအရေးသည် အင်မတန်မှ ကြောက်စရာကောင်းတဲ့ အနေအထားကို အခုကာလမှာ ရောက်လာလို့ ကျနော်တို့ဘက်က တောင်းဆိုလိုတာက နံပါတ် ၁ ပြည်တွင်း ပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့၊ အချင်းချင်း သေကျေပျက်စီးနေကြရတဲ့ ဒီနှစ် ၆၉ နှစ်လောက် ကြာတဲ့ ပြည်တွင်းစစ်ကို ရပ်ပါ။ ကျနော်တိုရဲ့တမျိုးသားလုံး ကျောချင်းကပ် ရင်ချင်းအပ်ပြီးခါမှ ပြည်ပက ဝင်ရောက်စွက်ဖက်မယ့် အန္တရာယ်များ ရှိလာတဲ့အနေအထားကို ဒီကာလမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရ၊ ပါတီနဲ့ တိုင်းရင်းသား မဟာမိတ်အားလုံးသည် အစိုးရ၊ တပ်မတော်၊ ကျနော်တို့ တိုင်းရင်းသားအရေးများသည် ဝင်စွက်လာမယ့် အခြေအနေများကို သတိတရားဖြင့် စောင့်ကြပ်ရမယ့်ကာလ ဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။

မေး - မောင်တောဖြစ်စဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေနဲ့ ပြည်ပမီဒီယာတွေမှာ လက်ရှိ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲ တိုက်ခိုက် ဝေဖန်မှုတွေ ဆက်တိုက်လုပ်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - ဒါလေးတွေလည်း စိတ်မကောင်းစရာပဲ။ မည်သူမပြု မိမိမှုပါပဲ။ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သုံးသပ်ရမယ့် လက်ရှိ အလှည့်အပြောင်းလို့ပဲ နားလည်တယ်။ အခု အခင်းအကျင်း မဖြစ်ခင်လေးတင်မှာ ပြည်ထောင်စုအစိုးရကို ဖွဲ့ခွင့် အန်အယ်လ်ဒီဘက်က ရတယ်။ လွှတ်တော်အားလုံးနီးပါးလောက်ကိုလည်း အန်အယ်လ်ဒီဘက်က ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်သွားသော်လည်းပဲ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း တနည်းအားဖြင့် ဒုတိယအကြိမ် အပြောင်းအလဲကာလကို လုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသည် တိုင်းရင်းသား ညီနောင်ပါတီများအားလုံးကို ပါတီတခုအနေနဲ့ သဘောထားကြီးကြီး ချဉ်းကပ်မှု၊ ဆွေးနွေးတိုင်ပင်မှု၊ ပြည်ထောင်စု ပြဿနာကို ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့ နိုင်ငံရေး မိတ်ဘက်သဘော တွေ့ဆုံဆွေးနွေးမှု ဒီနေ့အထိ မလုပ်ခြင်းသည် ကြီးမားစွာသော အမှားဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ချဉ်းကပ်မှုသည်လည်း လိုအပ်သေးတဲ့သဘော ကျနော်တို့ တွေ့ပါတယ်။

ဒီနေ့အထိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးကို ရပ်ပါဆိုတဲ့ တောင်းဆိုမှု ဒေါ်အောင်ဆန်းစုကြည်နှုတ်က ဒီနေ့အထိ မထွက်သေးတာရယ်၊ အန်အယ်လ်ဒီပါတီဘက်ကလည်း မပြောသေးတာရယ်၊ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီများက တင်တိုင်း ပိတ်ပင်ထားတာအားလုံးရဲ့ ဖြစ်စဉ်အားလုံး၏ဒဏ်ကို အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ခံနေရသလို အခုနက ကျနော်တို့ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ချဉ်းကပ်ပုံမှာလည်း အဓိက အင်အားကြီးပါတီဖြစ်ပြီးကာမှ အဲဒီဘက်က ပုဂ္ဂိုလ်အကြောင်းကို ကကြီးကနေ အ အထိ နှစ်ပေါင်းများစွာ သိလာတဲ့ ရခိုင်အမျိုးသားပါတီကို ချဉ်းကပ်ပြီးမှ ဘယ်လို ပူးပေါင်းဆောင်ရွက်ရင် ကောင်းမလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှု ဒီနေ့အထိ မရှိသလို ကျနော်တို့ အခုနလို မိတ်ဘက်မဟာမိတ်နိုင်ငံကြီးတွေရဲ့အင်အားဟာ လျော့သွားတာကိုလည်းပဲ ပြန်သုံးသပ်ဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။

မေး - မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီ စားနပ်ရိက္ခာတွေ တင်ဆောင်လာမယ့် သင်္ဘောစေလွှတ်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိပါသလဲ။

ဖြေ - ဒီဖြစ်စဉ်တွေမှာ ဖြစ်ဖူးတဲ့ ဂါဇာ အနောက်ပိုင်းမှာ ပါလက်စတိုင်းတွေကို ကူညီဖို့လာတဲ့ ကိစ္စမျိုးနဲ့ ထပ်တူကျပါတယ်။ အဲတော့ အသွင်ယူ လှုပ်ရှားတဲ့ ရေဘေးသင့်တွေမှာ ပါလက်စတိုင်းနဲ့ အစ္စရေးကို ချဉ်းကပ်သလိုမျိုး ချဉ်းကပ်ဖို့ ပြည်တွင်းထောက်ခံမှု လျော့ကျနေတဲ့ မလေးရှားဘက်က လုပ်တဲ့ လုပ်နည်းလုပ်ဟန်အလွဲလို့ပဲ နားလည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလက်ရှိချဉ်းကပ်တဲ့ သံတမန်လမ်းကြောင်းမှာ အရှေ့တောင်အာရှ အာဆီယံမူအရ ကိုက်ပါတယ်။ ဒါကြောင့် လူသားချင်း ကိုယ်ချင်းစာတဲ့ အကူအညီကို ပေးချင်တယ်ဆိုရင်လည်း အစိုးရရဲ့ Diplomatic လမ်းကြောင်းမှပင် လာသင့်ပါတယ်။

အင်ဒိုနီးရှားပုံစံမျိုး ချဉ်းကပ်ပါ။ အစိုးရမှတဆင့် လူသားချင်းစာနာမှု အကူအညီကို ကျောသားရင်သား မခွဲခြား၊ ဘာသာလူမျိုး မခွဲဘဲနဲ့ လူသားချင်း ကိုယ်ချင်းစာတဲ့ အကူအညီဆိုတဲ့  ဆောင်ပုဒ်အောက်က သွားခြင်းဟာ အမှန်ကန်ဆုံး လမ်းကြောင်းလို့ပဲ ကျနော်တို့ဘက်က နားလည်တယ်။ ဒေသတွင်းပြဿနာကို ဖန်တီးခဲ့လို့ရှိရင်လည်း မလေးရှားသည် အရှေ့တောင်အာရှ နိုင်ငံများ၏ တရားခံ ဖြစ်သွားမှာဖြစ်လို့၊ တကယ်လို့ ဘာသာရေးပဋိပက္ခတခုများ ကျနော်တို့ ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ဖြစ်လာခဲ့ရင်လည်းပဲ ဒါဟာ အစွန်းရောက်တဲ့ အစ္စလာမ်နိုင်ငံ နောက် ဂျီဟတ်တွေရဲ့ အကြမ်းဖက်လိုတဲ့၊ ရလိုတဲ့ လုပ်နည်းလုပ်ဟန်နဲ့ ချဉ်းကပ်နည်းလို့ပဲ ကျနော်တို့ဘက်က ပြောချင်ပါတယ်။

မေး - အခုနက ဒေါက်တာအေးမောင် ပြောသလိုဆိုရင်တော့ အန်အယ်လ်ဒီအနေနဲ့က ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အခက်အခဲပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်။ နိုင်ငံတကာကလည်း ဝေဖန်ခံနေရတယ်ဆိုတော့ ဒီအခြေအနေမှာ အန်ကယ်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဘာလုပ်သင့်တယ်ထင်လဲ။

ဖြေ - ကျနော်တို့ကတော့ ဘာမှမပြောလိုပါဘူး။ ကျနော်တို့ ချဉ်းကပ်တာက အစိုးရ မဖွဲ့ခင်ကတည်းကပါ။ ကျန်တဲ့ အက်စ်အန်အယ်လ်ဒီတို့၊ မွန်အမျိုးသားပါတီတို့ကလည်း ချဉ်းကပ်တယ် ထင်ပါတယ်။ သို့သော် အန်အယ်လ်ဒီက Landslide နိုင်သွားတဲ့အခါမှာ Confident ယုံကြည်မှု များသွားတယ်လို့ ထင်ပါတယ်။ တပ်မတော်တခုတည်းကို ချဉ်းကပ်ပြီးမှ တိုင်းရင်းသားနိုင်ငံရေးပါတီများရဲ့ လိုလားချက် ပူးပေါင်းဆောင်ရွက်လိုမှုဆိုတဲ့ မဟာမိတ်ကောင်းတွေကို အားလုံးဖျက်ဆီးခဲ့တာကလည်း သူပဲလို့ ကျနော်တို့ထင်တယ်။

အဲဒါကြောင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍတွေမှာလည်း ပြန်လည်သုံးသပ်ဖို့ကတော့ အန်အယ်လ်ဒီမှာလည်း လိုအပ်ပါတယ်။ ကျန်တာတွေကတော့ဗျ တွေ့ဆုံဆွေးနွေးပြီးတော့မှ အဖြေကောင်းတခုကို ရနိုင်မယ်လို့ ထင်တယ်။ သက်ဆိုင်ရာ ဒေသတွင်းမှာဖြစ်နေတဲ့ ဥပမာ ရှမ်းမှာ၊ ကချင်မှာဖြစ်တဲ့ ပြဿနာ၊ ရခိုင်မှာဖြစ်တဲ့ပြဿနာကို အန်အယ်လ်ဒီထက် သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အမျိုးသားပါတီများက သမိုင်းနဲ့ချီ၊ အတွေ့အကြုံနဲ့ချီပြီးတော့ ဘဝရော၊ သမိုင်းရော အနာဂတ်ရည်မှန်းချက်တွေအားလုံးနဲ့ ယှဉ်ပြီးပြောရင် အန်အယ်လ်ဒီထက် အများကြီး ကျနော်တို့ဘက်က ပိုသိပါတယ်။ ပိုနားလည်ပါတယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးပြီးမှ ဒေသတွင်းအခြေအနေတခုရဲ့ ပြဿနာကို တခုချင်းဆောင်ရွက်ဖို့ လမ်းကြောင်းတခုကို ဖွင့်သင့်ပြီလို့ ထင်တယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ဒေါက်တာအေးမောင်ကို အထူးကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013