DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့တည် ၁၀၇၅ ပြည့်နှစ်နှင့် ၀န်းသိုစော်ဘွားကြီး ၁၅၅ နှစ်ပြည့်ပွဲတော် ကျင်းပ
DVB
·
January 16, 2017
ဝန်းသိုမြို့တည် ၁၀၇၅ ပြည့်နှစ်နှင့် ၀န်းသိုစော်ဘွားကြီး ၁၅၅ နှစ်ပြည့်ပွဲတော် ကျင်းပ
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ၀န်းသိုမြို့တည်ထောင်ခြင်း ၁၀၇၅ ပြည့်နှစ်နဲ့ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ် ၁၅၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို  ဇန်န၀ါရီ လ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။

ဝန်းသိုသမိုင်းကြောင်းကို နောင်လာနောက်သားတွေ သိရှိစေဖို့နဲ့  နယ်ချဲ့အင်္ဂလိပ်တွေကို သူ့ကျွန်မခံ တိုက်ခိုက်ပြီး မြန်မာဘုရင်ထံမှ ဆုတံဆိပ်တော်တွေ ရခဲ့တဲ့ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်ကို အောင်းမေ့ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပရတာလို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် စ၀်ဆေခမ်းဖ က ဒီဗွီဘီကို ပြောပါတယ်။

“၀န်းသိုမြို့ဟာ ရှမ်းသမိုင်းမှာ အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။ မိုးကောင်း၊ မိုးညင်း၊ မိုးမိတ်၊ ၀န်းသိုကို ထူထောင်တာက ကျားဖြူရှင်လို့အဓိပ္ပါယ်ရတဲ့ စ၀်ဆေဖိုတ်ရဲ့သားတော် ၄ ပါး ဖြစ်တယ်။ ဒါကြောင့်  ဒီဒေသကရှမ်းတွေအားလုံး စ၀်ဆေဖိုတ်ရဲ့အနွယ် ဆွေမျိုးရင်းချာတွေဘဲဆိုတာ နောင်လာ နောက်သားတွေ သိစေချင်တယ်။  စော်ဘွားကြီး စ၀်အောင်မြတ်ဟာလည်း သူ့ကျွန်မခံ နယ်ချဲ့ရန်ကို ရဲရဲတောက်တွန်းလှန်ပြီး မြန်မာဘုရင်က ချီးမြှင့်တဲ့ ဆုတံဆိပ်တော်တွေရခဲ့သူ၊ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သူတစ်ဦးမို့ မျိုးဆက်သစ်တွေ ဂုဏ်ယူအောက်မေ့စေဖို့ ကျင်းပတာဖြစ်ပါတယ်။  အရင်တုန်း က ကျင်းပချင်ပေမယ့်လည်း အခြေအနေမပေးတာကြောင့် ဒီနှစ်မှာမှ ပထမဆုံးအကြိမ် ကျင်းပရတာ ဖြစ်ပါတယ်ခင်ဗျ။”

ဝန်းသိုမြို့တည်နှစ်နဲ့ စော်ဘွားကြီးဂုဏ်ပြုပွဲတော်ကို  ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကောလင်း၊ ဟုမ္မလင်း၊ မိုးညင်း၊ မိုးကောင်း၊ ပင်လယ်ဘူး၊ အင်းတော်ကြီး စတဲ့ဒေသက ရှမ်းတိုင်းရင်းသားနဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေပါ လာရောက်ဆင်နွဲပြီး ပထမနေ့မှာ ၀န်းသို စော်ဘွားကြီး ရုပ်ထုကို သွားရောက်ဂါရ၀ပြုခဲ့ကြသလို၊  ၀န်းသိုသမိုင်းပြခန်း၊ ၀န်းသိုအကြောင်း သိကောင်းစရာဟောပြောပွဲ၊ ကံကုန်ပြီးသော ၀န်းသိုနွယ် ဆွေတော်မျိုးတော်များအားရည်စူး၍ အလှူဒါနပြုခြင်း၊ ယဉ်ကျေးမှုအက ဖျော်ဖြေရေးတွေနဲ့ပါ တင်ဆက်ခဲ့ကြပါတယ်။

စော်ဘွားကြီး စ၀်အောင်မြတ်ဟာ နယ်ချဲ့အင်္ဂလိပ်တွေကို ကူညီတွန်းလှန်ခဲ့တာကြောင့် မြန်မာ ဘုရင် သီပေါမင်းမှ ချီးမြှင့်သော မဟာဝံသသီရိဇေယျ သိုဟုံဘွား၊ မောရိယမဟာဝံသ သီရိသု ဓမ္မရာဇာ သိုဟုံဘွား စတဲ့ ဘွဲ့တွေရရှိပြီး  ၁၉၆၅ ခုနှစ် (သက်တော် ၁၀၃ နှစ်) က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နတ်ရွာစံခဲ့ပါတယ်။

ဓာတ်ပုံ -  Khone Khay Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013