DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီ၏ မောင်တောခရီးစဉ် သတင်းထောက်များ သတင်းယူခွင့်မရ
DVB
·
January 16, 2017
မစ္စယန်ဟီးလီ၏ မောင်တောခရီးစဉ် သတင်းထောက်များ သတင်းယူခွင့်မရ
Donate to DVB

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မောင်တောဒေသခရီးစဉ်အတွင်းမှာ သတင်းထောက်တွေလိုက်ပါ သတင်းရယူခွင့်၊ ဓာတ်ပုံရိုက်ခွင့် မရရှိကြဘူးလို့ နယ်ခံသတင်းထောက်တွေပြောပါတယ်။

သတင်းရယူတာတွေ၊ ဓာတ်ပုံ ရိုက်တာတွေကို တားမြစ်ထားတယ်လို့ မောင်တောအခြေစိုက် 7Day သတင်းထောက်မောင်ကံက ပြောပါတယ်။

“မရကြဘူး။ ဘာကြောင့်လဲဆိုတာသူကဘာမှမပြောဘူး။ သူကိုယ်တိုင်က သတင်းထောက်တွေကို ဓာတ်ပုံ ရိုက်တာတို့၊ အသံဖမ်းတာတို့ အဲ့ဒါတွေမလုပ်ဖို့ပြောတယ်။ သူ့ အနေနဲ့ဆွေးနွေးနေတဲ့အခါ အပြင်မှာနေဖို့ မှာတယ်။ ကျနော်တို့ကတော့ ဘာမှယူလို့မရဘူး။ အဝေးကပဲ ကားနဲ့ ထွက်တာတွေကိုပဲ ရိုက်လိုက်ရတာပေါ့။ ဒီလိုတားတာ အစိုးရအဖွဲ့က တားမြစ်တာတော့ မဟုတ်ဘူး။ သူကိုယ်တိုင် တားမြစ်တာပါ။”

မစ္စယန်ဟီးလီရဲ့ မောင်တောဒေသခရီးစဉ်ဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် သတင်းထောက်အနေနဲ့ သတင်းရေးတဲ့အခါ အခက်အခဲများစွာရှိတယ်လို့ မောင်တော အခြေစိုက်သတင်းထောက်တွေကလည်း ပြောပါတယ်။

“သူရဲ့ခရီးစဉ်က ပွင့်လင်းမြင်သာမှုမရှိဘူး။ တကယ်လို့ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုရင် လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းထောက်တွေ လိုက်ပါခွင့်ပေးရမှာပေါ့။ သူတို့ ဘာတွေ ဆွေးနွေးတယ်။ ဘာတွေပြောတယ်ဆိုတာကို ကျနော်တို့ ပြည်သူတွေသိအောင်ချပြရမှာပေါ့။ အခုက ဘာမှယူခွင့်မရတော့ ကျနော်တို့ သတင်းထောက်အနေနဲ့ အခက်ကြုံတာပေါ့။ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ မြင်တယ်”လို့ မောင်တော အခြေစိုက်သတင်းထောက်တဦးက ပြောပါတယ်။

မောင်တောဒေသ ခရီးစဉ်အတွင်းမှာ လွတ်လွတ်လပ်လပ် မေးမြန်းတာတွေ၊ စုံစမ်းတာတွေလုပ်ချင်တယ်လို့ မစ္စယန်ဟီးလီအနေနဲ့ ပြောခဲ့တဲ့အကြောင်း ရခိုင်ပြည်နယ်၊ စည်ပင်ဝန်ကြီးဦး မင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“သူ့ရဲ့ခရီးစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပြင်မှာဘဲနေဖို့၊ သူနဲ့မနေဖို့ သူအနေနဲ့ လွတ်လွတ်လပ်လပ် မေးမြန်းမယ်၊ စုံစမ်းမယ်၊ လေ့လာမယ်လို့ အဲ့ဒီလိုပြောတာရှိတယ်။ သတင်းအမှန်တွေပြောတဲ့ နေရာမှာ သတ်ဖြတ်ခံရတာတွေရှိလို့ ဒီအပေါ်မှာ သတိထားပြီး မေးမြန်းစေချင်လို့ ပြောထားတာ ရှိတယ်။”

မစ္စယန်ဟီးလီ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်းနဲ့ ဘူးသီးတောင်မြို့ အကျဉ်းထောင်၊ မောင်တောမြို့နယ် ကျီးကန်ပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငခူးရ၊ ရွာမကျေးရွာ ရွှေဗဟိုရ်အုန် ကြီးကျောင်း တို့ကို သွားရောက်ခဲ့တာပါ။

မစ္စယန်ဟီးလီဟာ ဇန်နဝါရီလ ၁၃ ရက်က မြန်မာ့လေကြောင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ညနေပိုင်းမှာတော့ မစ္စယန်ဟီးလီဟာ စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်မှာ ဘင်္ဂါလီတွေနဲ့ တံခါးပိတ် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၁၆ ရက်နေ့ထိ ရခိုင်ခရီးစဉ်အဖြစ် စီစဉ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013