
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကြက်ငှက်တုပ်ကွေး သုတေသနလုပ်ငန်း စမ်းသပ်ခြင်းကို FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကာ မြန်မာတနိုင်ငံလုံး ၁၄ မြို့နယ်ထဲမှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ရေးမြို့နယ်တို့မှာ စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ မွေးကုဦးစီးဌာနက ပြောပါတယ်။
ရေးမြို့နယ် မွေးကုဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းထွဋ်အောင် က “ကြက်ငှက်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး သွေးရည်ကြည်စုဆောင်းခြင်းကို ဘဲတွေကို အဓိကစမ်းသပ်မယ်။ ရေးမြို့နယ်မှာဆိုရင် အစင်၊ ဓမင်းဆိပ်ကျေးရွာမှာရှိတဲ့ ဘဲမွေးမြူရေးခြံတွေကို အဓိကစမ်းသပ်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။
“ဘဲများမှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုးမွှား တွေ့ရှိနေပါက ရောဂါကာကွယ် တားဆီးရေး လိုက်နာရမယ့် အချက်တွေကို အသိပညာပေးတွေ လုပ်သွားမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းကာ ရောဂါကူးစက်ခြင်း မပျံနှံ့နိုင်ရန်အတွက် မွေးမြူရေးခြံများရဲ့ ဇီဝလုံခြုံရေးတွေကို အထူးဂရုပြု လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ဒေါက်တာသန်းထွဋ်အောင်က ဆက်ပြောပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်မီမလုပ်နိုင်ပါက ကြက်ဘဲကနေတဆင့် တခြား အိမ်မွေးတိရစ္ဆာန်များကို ရောဂါကူးစက်နိုင်တဲ့အပြင် လူများကိုလည်း ကူးစက်နိုင်မှာဖြစ်ပြီး သေဆုံးတဲ့အထိ ရောဂါအန္တရာယ်ရှိပါတယ်။
သတင်း - နေမျိုးထွဋ်











