DVB Logo
Home
Lead Story
တပ်သိမ်းမြေ ပြန်စွန့်လွှတ်ဖို့အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းမေးရုံနဲ့ ဒီမြေတွေ ပြန်ရဖို့မလွယ်ဘူး - ဦးမျိုးသန့်
DVB
·
January 13, 2017
တပ်သိမ်းမြေ ပြန်စွန့်လွှတ်ဖို့အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းမေးရုံနဲ့ ဒီမြေတွေ ပြန်ရဖို့မလွယ်ဘူး - ဦးမျိုးသန့်
Donate to DVB

မြန်မာနိုင်ငံအနှံ့အပြားမှာ မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ ဒီလိုအငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းပြီးတော့ ဖြေရှင်းသလို လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး ဖြေရှင်းမှုတွေ ပြုလုပ်နေပါတယ်။ ဒီလို ပြုလုပ်နေပေမယ့်လည်း အောင်မြင်တဲ့ အတိုင်းအတာတခု၊ လယ်သမားတွေ ကျေနပ်နှစ်သက်တဲ့ အတိုင်းအတာတခုအထိ မရောက်ရှိသေးဘူးလို့လည်း အသံတွေ ထွက်ပေါ်နေပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး အောင်မြင်အောင်၊ လယ်သမားတွေ အကျိုးရှိလာအောင် ဒီမြေယာပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ တိုင်းရင်းလူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့က တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုမျိုးသန့်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - အရင်ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက်မှာလည်း လွှတ်တော်မှာရော၊ အစိုးရအဖွဲ့မှာရော ကျနော်တို့ လယ်ယာမြေပြဿနာတွေနဲ့ပတ်သက်လို့ ဖြေရှင်းဖို့ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ လုပ်ဆောင်ခဲ့တယ်။ ၅ နှစ်တာ လုပ်ဆောင်ခဲ့သလို လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း လုပ်ဆောင်နေတယ်။ ဒီလုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် တောင်သူလယ်သမားတွေ နှစ်သက်နိုင်တဲ့ အနေအထားအထိအောင် လုပ်ဆောင်နိုင်ခဲ့လား။ လက်ရှိအစိုးရနှစ်ဖွဲ့ရဲ့ လုပ်ဆောင်မှုကို အရင်ဆုံး သုံးသပ်ပြပေးပါဦးခင်ဗျ။

ဖြေ - မြေယာသိမ်းဆည်းခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပထမ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ကျနော်တို့ နှစ်ပိုင်းပြောလို့ရပါမယ်။ တပိုင်းက လွှတ်တော်က စုံစမ်းစစ်ဆေးရေးအပိုင်းနဲ့ အစိုးရအဖွဲ့က ဒု-သမ္မတဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြေယာပြန်လည်ပေးအပ်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့အဖွဲ့၊ အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းပေါ့။ ဒီလို နှစ်ပိုင်း ပြောလို့ရပါမယ်။ အဲဒီတော့ အရင်ဆုံး မြေယာပြဿနာတွေ အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်လာတဲ့အချိန်မှာ ဒါတွေကို ဖြေလျှော့နိုင်ဖို့အတွက် လွှတ်တော်ကနေပြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီး ဦးတင်ထွဋ် ဦးဆောင်ပြီး ဒီအဖွဲ့တွေကို ဖွဲ့တယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အဖွဲ့ ၁၊ ၂၊ ၃၊ ၄ ဒီလိုဖွဲ့ကြတယ်။ ဖွဲ့တဲ့အခါမှာ မြန်မာပြည်တပြည်လုံးမှာရှိတဲ့ မြေယာတွေကို အပြည့်အဝ စုံစမ်းနိုင်ခြင်း၊ မနိုင်ခြင်း ဆိုတာထက် သူတို့ဆီကထွက်လာတဲ့ Out Comes တွေပေါ့။ အထူးသဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၄ ခုပေါ့နော်။ အဓိကကျတဲ့ အပိုင်း လေးပိုင်းစလုံးမှာ ရှိလာတဲ့ အစီရင်ခံစာတွေကို ကျနော်တို့ ပြန်လေ့လာလိုက်တဲ့အခါကျတော့ လွှတ်တော်က စုံစမ်းစစ်ဆေးရတဲ့ အခြေအနေကနေ ဖြေရှင်းပေးမယ့် ပုံသဏ္ဌာန်တွေပေါ့နော်။ အကြံပြုချက်တွေ၊ သုံးသပ်ချက်တွေ၊ ဒါတွေကတော့ အားကောင်းတာကို တွေ့ရပါတယ်။ တောင်သူတွေအတွက် မျှတတယ်။ ဒီအမှုအခင်းတွေကို တခြားကိစ္စရပ်တွေမှာလည်း ဒီလိုမျိုးတွေသာ စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်မယ်ဆိုရင် အများစုဟာ တောင်သူတွေအတွက် မျှတမယ့်၊ ပြေလည်နိုင်မယ့် အဖြေတခု ရနိုင်မယ်လို့ ကျနော်တို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဒါပေမယ့်လို့ အဲဒီအစီရင်ခံစာတွေကို ပြန်လည်ပြီး သုံးသပ်ပြီး ဒါကို ဖြေရှင်း၊ ဒီအကြံဉာဏ်တွေကို အကောင်အထည်ဖော်ပြီး ဆောင်ရွက်ရမယ့် ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ ကော်မတီအနေနဲ့ကတော့ လုပ်ဆောင်နိုင်မှုအပိုင်းက အရမ်းအားနည်းပါတယ်။

မေး - ဒါကတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြေရှင်းခဲ့တဲ့ ပုံစံပေါ့နော်။ အဲဒီတော့ အစိုးရဘက်က ဖြေရှင်းပေးတဲ့အပိုင်းက အားနည်းတယ်ပေါ့။ လွှတ်တော်ဘက်ကတော့ အဆင်ပြေတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ လုပ်ဆောင်နေတဲ့အပိုင်းတွေကို ဘယ်လိုမျိုး မြင်မိလဲ။

ဖြေ - အန်အယ်လ်ဒီအစိုးရ လုပ်ဆောင်တဲ့အပိုင်းကတော့ ရွေးကောက်ပွဲနိုင်သွားတာ တနှစ်ကျော်ပြီဆိုပေမယ့် အစိုးရ အာဏာရယူထားတာကတော့ ၆ လ၊ ၇ လလောက်ပဲ ရှိသေးတဲ့ အခြေအနေရှိပါတယ်။ အကုန်လုံးက အသစ်စက်စက်တွေ ဖြစ်ပါတယ်။ ဝန်ကြီးတွေ၊ ဒု-ဝန်ကြီးတွေပေါ့နော်။ ဒါပေမယ့် အောက်ခြေမှာရှိနေတဲ့ အမြဲတမ်းအတွင်းဝန်တွေကအစ ကျန်တဲ့ ဝန်ထမ်းတွေက အကုန်လုံး အဟောင်း ဖြစ်ပါတယ်။ အဲဒီနှစ်ခုရဲ့ အားပြိုင်မှုက အခုချိန်ထိ ပြင်းထန်နေဆဲ ဖြစ်တာ ကျနော်တို့ မြင်တွေ့ရပါတယ်။ မြေရာပြန်လည်ပေးအပ်နိုင်ဖို့အတွက်၊ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်ဖို့အတွက် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ပြီး ကော်မတီတခု ဖွဲ့စည်းထားတယ်။ အဲဒီကော်မတီကလည်းပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေသလို ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်တချို့မှာ အားကောင်းမောင်းသန် ဆောင်ရွက်လာတာကို ဒီလပိုင်းအတွင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ပြင်ဆင်ချိန်ကတော့ ကြာတယ်လို့ ထင်ကောင်းထင်ရနိုင်သော်လည်းပဲ တကယ်တမ်းကျတော့ လက်တွေ့ အလုပ်လုပ်နိုင်ဖို့အတွက် အတွေ့အကြုံနဲ့ ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ ဒါကြောင့်မို့ အခုအချိန်အထိ မပြေလည်မှုတွေ တော်တော်များများ ဖြစ်နေတာကို မြင်တွေ့ရပေမယ့် ရေရှည်မှာ ဒီပြဿနာတွေကို စနစ်တကျ စိတ်ပိုင်းပြီးတော့ စဉ်းစားသုံးသပ်မယ်ဆိုရင် ဒါတွေဟာ အောင်မြင်လာနိုင်တယ်လို့ ကျနော်ကတော့ လောလောဆယ် မျှော်လင့်ထားပါတယ်။

မေး - ဟုတ်ကဲ့ပါ။ ဒါကတော့ စနစ်တကျသွားမယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတဲ့ သဘောပေါ့နော်။ မြေယာသိမ်းဆည်းမှု ပြန်လည်ချထားရေးမှာ တောင်သူတွေလက်ထဲကို အမှန်တကယ် ပြန်မရောက်ဘူးဆိုတဲ့ အတိုင်းအတာ။ အဲဒီဟာက ပြန်ပေးလိုက်ပြီဆိုတဲ့ အတိုင်းအတာမှာ မရောက်ဘူးဆိုတော့ ဒါ ကြားမှာ ဘယ်လိုမျိုးဟနေလို့လဲ။ အစိုးရက ဒီဟာကို ဘယ်လိုမျိုး ဖြေရှင်းပေးဖို့လိုမလဲ။ အမှန်တကယ် ရောက်သွားအောင်ပေါ့နော်။ ၂၀၁၃ က ပေးတယ်။ ၂၀၁၆ အထိအောင် မရသေးဘူးဆိုတော့ ၃ နှစ်ရှိပြီ။ အဲဒီလောက်ကွာနေတော့ အစိုးရအနေနဲ့ ဘယ်လိုမျိုး လုပ်ပေးဖို့လိုမလဲ။ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဘယ်လိုမျိုးပုံစံနဲ့ ဖြေရှင်းမယ်ဆိုရင် တကယ်ပြန်ရမလဲဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ - နမူနာအနေနဲ့ အကြီးမားဆုံးပြဿနာတွေကို မီးမောင်းထိုးပြရမယ်ဆိုရင် ဥပမာ စစ်တပ်သိမ်းတဲ့မြေတွေပေါ့။ စစ်တပ်သိမ်းတဲ့မြေတွေကို ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းမေးရုံနဲ့တော့ ဒီမြေတွေ ပြန်ရဖို့မလွယ်ပါဘူး။ တကယ်လို့ စွန့်လွှတ်မယ်ဆိုရင်တောင်မှပဲ အဲဒီစွန့်လွှတ်နိုင်ဖို့အတွက် သူတို့ သိမ်းဆည်းစဉ်ကာလက ရှုပ်ခဲ့တဲ့အရှုပ်တွေ၊ ဥပမာ ကော့စိန်ပန်းအောက်ကျေးရွာအုပ်စုမှာ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးပေါ့။ သိမ်းတုန်းက သိမ်းတယ်။ လုပ်ငန်းရှင်တွေကို ဒီမြေတွေ ငှားလိုက်တယ်၊ သို့မဟုတ် ရောင်းလိုက် ဝယ်လိုက်တယ်။ အငှားချထားလိုက်တဲ့ ကိစ္စမျိုးတွေကို ပြန်ပေးတော့မယ်ဆိုရင် ပြန်ပေးမယ့်မြေထဲမှာ ပါဝင်နေတဲ့သူတွေကို စစ်တပ်ကိုယ်တိုင်က ရှင်းထုတ်ပေးခဲ့ရလိမ့်မယ်။ ဒါမှသာလျှင် အစိုးရကိုပဲ ပြန်ပေးပေး၊ တောင်သူလက်ထဲကိုပဲ ပြန်ပေးပေး တိုက်ရိုက်ပြန်ပေးနိုင်ဖို့အတွက် အဆင်ပြေပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ပြဿနာ ကိုယ်ရှင်းခဲ့ရလိမ့်မယ်။ မရှင်းနိုင်ရင် အစိုးရအဖွဲ့က သို့မဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းတွေက ဥပဒေနဲ့အညီ ဖြေရှင်းရလိမ့်မယ်။ အဲဒီလို မဖြေရှင်းဘူးဆိုရင်တော့ ဒီပြဿနာက ဘယ်တော့မှ ပြီးမှာမဟုတ်ပါဘူး။

မေး - ဒီမြေယာပြဿနာက မြေယာကို ဥပဒေတွေ၊ မူဝါဒတွေထဲမှာကိုက ငှားရမ်းသုံးစွဲခွင့် ဆိုတဲ့ဟာမျိုး သွားရတာကိုး။ အပိုင်ဆိုတာ မရှိဘူးဆိုတော့ ဥပဒေပေါ်မှာရော မြေယာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။

ဖြေ - ဥပဒေပိုင်းနဲ့ ပြောရင်တော့ လယ်ယာမြေဥပဒေရယ်၊ မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေရယ် ဆိုပြီးတော့ ဒီဥပဒေနှစ်ခုကို တပြိုင်တည်း တရက်တည်း ၂၀၁၂ မှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ခဲ့စဉ်ကတည်းက ဒီဥပဒေဟာ တောင်သူရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းဖို့၊ တောင်သူရဲ့ အခွင့်အရေးတွေ ကာကွယ်ဖို့ အခြေအနေမပေးဘူး။ ဒါတွေဟာ ပရိုပူးဝါး မဟုတ်ဘူး၊ ပရိုဘစ္စနက်ဖြစ်တယ်။ နောက်တချက်က တရားမဝင် သိမ်းဆည်းခဲ့တဲ့မြေတွေကို တရားဝင်အောင် ဆောင်ရွက်ခဲ့တဲ့ ဥပဒေတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်းကြီး မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်မြေရိုင်းဥပဒေတွေဟာ မဖြစ်မနေ ပြန်လည်စိစစ်ရမယ့် ဥပဒေတွေ ဖြစ်တယ်။ အဲဒီလို ပြန်လည်စိစစ်တဲ့အခါမှာ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဥပဒေတွေဟာ ဘယ်နှစ်ရာခိုင်နှုန်းလောက် ပြန်လည်ပြင်ဆင်ရမလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ သုံးသပ်လိုက်မယ်ဆိုရင် ဒီဥပဒေနှစ်ခုလုံးဟာ အစအဆုံး ပြန်ပြီးရေးဆွဲရမယ့် အခြေအနေအထိ ဖြစ်ပါမယ်။ ဒါကြောင့်မို့လို့ အသစ်ရေးဆွဲရမယ့် အခြေအနေကို တကယ်တမ်း သုံးသပ်မယ်ဆိုရင် အဲဒီအခြေအနေအထိ ရောက်ပါလိမ့်မယ်။

မေး - လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေက တောင်သူလယ်သမားတွေအတွက် ကာဗာမဖြစ်ဘူး။ Safety မဖြစ်ဘူးဆိုတဲ့ သဘောပေါ့။ အရင်တုန်းကလုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေကို တရားဝင်ဖြစ်အောင်လုပ်တဲ့သဘောပေါ့၊ အဲလို ဆိုလိုချင်တာလား။

ဖြေ - ဟုတ်ကဲ့၊ အဲဒီလိုဆိုလိုချင်တာပါ။

မေး - တိုင်းရင်းသားတွေဘက်ကလည်း ၂၁ ပင်လုံမှာ အဓိက အန်စီအေထိုးပြီးသား အဖွဲ့ ၈ ဖွဲ့ တင်တဲ့ အဓိက ၅ ချက်ထဲမှာလည်း မြေယာနဲ့ သဘာဝသယံဇာတဆိုတဲ့ အချက်တချက်ပါတယ်။ အဲဒီတော့ မြေယာပြဿနာက ၂၁ ပင်လုံ ဒုတိယညီလာခံအထိအောင် ပါလာမယ်။ ဒီ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး အကုန်လုံးကို မြေယာပြဿနာက သက်ဆိုင်နေတယ်ဆိုတော့ မြေယာပြဿနာသာ အကောင်းဆုံး မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် သွားမယ့် အန်စီအေလမ်းကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပါ ဘယ်လောက်အထိအောင် အဖက်တစ် ဖြစ်နိုင်မယ်လို့ မြင်မိလဲ။ တိုင်းရင်းသားဒေသတွေမှာ မြေယာကိစ္စတွေ သွားပြီးဖြေရှင်းတဲ့အခါမှာ ဘာသံတွေ ကြားရလဲ။

ဖြေ - အဲဒါက အရမ်းအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ နားလည်ထားတာကတော့ ကျနော်တို့တိုင်းပြည်ဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်။ ၁၃၅ မျိုးရှိတယ်လို့ ဆိုကြတယ်။ အဲဒီ ၁၃၅ မျိုးထဲမှာလည်း သူ့ဓလေ့ထုံးတမ်းနဲ့ သူ ရှိနေကြတာ ဖြစ်တယ်။ အဲဒီအခါမှာ ပြီးခဲ့တဲ့ လွှတ်တော်ကာလထဲမှာလည်း မကြာမတင်လေးမှာ ဘာတွေ့ရလဲဆိုတော့ မြေယာမူဝါဒထဲမှာ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍကို ဖယ်မယ်ဆိုပြီးတော့ ဒီအသံမျိုး ကျနော်တို့ ကြားခဲ့ရတယ်ပေါ့နော်။ ဦးရွှေမန်းက လာပြီးတင်ပြတယ်ဆိုတာကို ကျနော်တို့ ကြားခဲ့ရတယ်။ နောက်တချက်က ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာပဲ တောင်ကြီးမှာ မြေယာကိစ္စနဲ့ပတ်သက်လို့ သဘောမကျလို့ ပါတီဝင်တွေ နုတ်ထွက်တယ်ဆိုတဲ့ကိစ္စတွေ ရှိတယ်။ ဒါက ဝန်ကြီးက ပြောခဲ့တယ်ပေါ့။ ကျနော်ကတော့ အဲဒီအချိန်မှာ ကျန်းမာရေးမကောင်းတဲ့အတွက် လွှတ်တော်သတင်းတွေ နည်းနည်းပြတ်သွားတယ်။ ဒါပေမယ့်လို့ တရားဝင် သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး နုတ်ထွက်တာဖြစ်တဲ့အတွက် ဒါ သတင်းမမှားနိုင်ဘူးပေါ့နော်။ ၂၀၁၂ နောက်ပိုင်းကို မရှင်းဘူး၊ ဒီဘက်ပိုင်းပဲရှင်းမယ် ဆိုတာကတော့ အရမ်းလွဲတဲ့ကိစ္စပါ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာရှိတဲ့ မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကထုတ်တဲ့ အစီရင်ခံစာတွေထဲမှာ ကျနော် အမှတ်မမှားဘူးဆိုရင် ၁၉၆၅ ခုနှစ်လောက်က သိမ်းဆည်းခဲ့တဲ့ မြေယာကိစ္စတွေကိုတောင်မှပဲ ဒီထဲမှာ ထည့်သွင်း စုံစမ်းစစ်ဆေးထားတာကို တွေ့ရတယ်။ ဒါဆိုရင် အရေးအခင်းမတိုင်ခင် တော်တော်စောစောကတည်းက ကိစ္စ။ ဦးနေဝင်းလက်ထက်ကကိစ္စတွေ ဖြစ်လိမ့်မယ်။ အဲဒါတွေကိုတောင်မှ စုံစမ်းစစ်ဆေးပေးထားတယ်။ ဘယ်လို ပြန်လည်ဖြေရှင်းပေးသင့်ပါတယ်ဆိုတဲ့ အကြံဉာဏ်တွေလည်း ပါတယ်။ ကျနော်တို့က မကောင်းဘူးလို့ ပြောနေတဲ့ အစိုးရလက်ထက်မှာတောင် ဒီလိုမျိုး ထည့်သွင်းစဉ်းစားခဲ့ပြီးမှ ဒီဘက် ကျနော်တို့ ပြည်သူ့အစိုးရလို့ အားလုံးက ဝိုင်းဝန်းပြီး မြေတောင်မြှောက်တင်ပေးခဲ့တဲ့ အစိုးရလက်ထက်မှာရှိတဲ့ ဒီဝန်ကြီးက ဒီလိုပြောတယ်ဆိုတာ တော်တော်ဆိုးတယ်။ ကျနော်တို့ စိုးရိမ်တာက မြန်မာစကား ရှိတယ်၊ ‘မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်’ ဆိုတဲ့ စကားနဲ့အတူ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဒါတွေဟာ ဖျက်ဆီးနိုင်တယ်၊ ထိခိုက်သွားစေနိုင်တယ်လို့ ကျနော်တို့ထင်တယ်။ ဘာကြောင့် ဒီလို ထိခိုက်နိုင်လဲဆိုတော့ မြေမရှိရင် State တခုဟာ၊ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားချင်တာကိုး။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် ပြည်နယ်တခုက နယ်မြေအပိုင်းအခြား ရှိရမယ်။ လူမျိုး၊ လူဦးရေတွေ ရှိရမယ်။ အစိုးရရှိရမယ်။ ဒါ ဥပဒေတွေ ရှိရမယ်။ ဒီလို သွားမှာကိုး။ အဲဒီလိုသွားမယ်ဆိုရင် မြေမရှိဘူးဆိုရင် ကျန်တာတွေ ဘာပဲပြည့်စုံပြည့်စုံ အဆင်မပြေဘူးလေ။ အဲဒီမြေကိုမှ စီမံခန့်ခွဲမှုမပေးဘူး၊ ဒီမြေထဲမှာရှိတဲ့ သယံဇာတတွေ ခွဲဝေပိုင်းခြား သုံးစွဲမှုနဲ့  ပတ်သက်တာတွေ မလုပ်နိုင်ဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဘယ်လိုဖော်မလဲ။ တခြားလူနည်းစုတိုင်းရင်းသားတွေ တကယ်လိုလိုလားလား တောင်းဆိုနေကြတာက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုနေတာ ဖြစ်တယ်။ ဒါကလည်း ပြီးခဲ့တဲ့ ပင်လုံညီလာခံအစမှာ တွေ့ခဲ့ရတယ်။ မြေကိစ္စကို မဖြေရှင်းဘူးဆိုရင် ဒါကို တိုက်ရိုက်ထိခိုက်မှာပဲ။ ဒါဟာ အဓိကကျတဲ့ ခေါင်းစဉ်တွေထဲမှာ တခုလည်း ပါတာဖြစ်တဲ့အတွက် ဒါကို ဒီအတိုင်း ဝန်ကြီးက ပြောတယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ပုံရိပ်ကို တော်တော်ကြီးထိခိုက်ပါတယ်။

မေး - ဟုတ်ကဲ့ပါ။ ဒီမြေယာလုပ်ကိုင်နေတဲ့ လယ်သမားတွေကို အကောင်းမွန်ဆုံး၊ အဆင်ပြေဆုံး အကျိုးရှိအောင် ဖြေရှင်းမယ်ဆိုရင် အနှစ်ချုပ်ပေါ့၊ အစိုးရကို အကြံပြုတဲ့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းသင့်သလဲဆိုတဲ့ အကြံပြုချက်လေးများ ရှိပါသလား။

ဖြေ - အဓိကအကြံပြုချင်တာက မြေယာပြဿနာ ဆိုတဲ့အခါမှာ အများကြီးတော့ ရှိတာပေါ့လေ။ သွင်းအားစုပြဿနာတွေကအစ ရေရရှိရေး ဒါတွေကလည်း အများကြီး။ လောလောဆယ်တော့ သိမ်းဆည်းခံရတဲ့ မြေကိစ္စနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ပြောချင်တယ်။ အသိမ်းဆည်းခံရတဲ့ မြေယာပြဿနာကို ဖြေရှင်းမယ်ဆိုရင် အထူးသဖြင့် ခေါင်းစဉ်တွေ ခွဲသင့်ပါတယ်။ စစ်တပ်သိမ်းမြေ၊ စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ သိမ်းတဲ့မြေ၊ ဌာနဆိုင်ရာတွေ သိမ်းတဲ့မြေ၊ နောက်တခါ ရောင်တော်ပြန်ပေါ့၊ စစ်တပ်ရဲ့သိမ်းတဲ့အထဲမှာ ထည့်ပြီးတော့ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ သူတို့ရဲ့ ကတော်တွေကို ပေးလိုက်တဲ့မြေ။ ဒီလိုမျိုးတွေ မျိုးစုံ ခွဲခြားသင့်ပါတယ်။ အဲဒီလို ဦးစားပေးခွဲနိုင်ဖို့ကတော့ ဒီမြေယာပြဿနာကို ဖြေရှင်းမယ်ဆိုတဲ့ အဖွဲ့အစည်းတွေထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက မြေပြင်ကို ထိထိရောက်ရောက် သွားပြီးတော့ အချက်အလက်ကို သေချာကောက်ခံပြီး စုံစမ်းစစ်ဆေးတာက သူတို့အတွက် ပိုပြီးတော့ အထောက်အကူပြုပါမယ်။ တောင်သူတွေအတွက်လည်း တကယ်အကျိုးရှိပါလိမ့်မယ်။

တွေ့ဆုံမေးမြန်းသူ - အောင်ဆန်းဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013