DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်ထိုးထားသည့်အဖွဲ့များ ကေအန်ယူနယ်မြေ၌ အရေးပေါ်အစည်းအဝေးကျင်းပ
DVB
·
January 12, 2017
အန်စီအေလက်မှတ်ထိုးထားသည့်အဖွဲ့များ ကေအန်ယူနယ်မြေ၌ အရေးပေါ်အစည်းအဝေးကျင်းပ
Donate to DVB

 

တနိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ)က  လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာနဲ့ ပတ်သက်ပြီး ၂ ရက်တာ အရေး အပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။

အရေးပေါ်အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ဇန်န၀ါရီ ၁၀ နဲ့ ၁၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိ သူတို့အဖွဲ့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ညီညီညွတ်ညွတ်နဲ့ လက်တွဲဖြေရှင်းသွားဖို့လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“လတ်တလော အဖွဲ့ဝင်တွေရဲ့ကိစ္စ ပွတ်တိုက်မှု ရှိတာလေးကို အဖြေရှာဖို့ ကျနော်တို့ ၀ိုင်းဝန်း ကြိုးစားကြဖို့ ဒါကို ကိုယ်စားလှယ်အဖွဲ့တဖွဲနဲ့ သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲတွေကို တွေ့ဆုံပြီး တော့ ညှိနှိုင်းအဖြေရှာဖို့ပေါ့။ အဲဒါကို ကျနော်တို့ ဆုံးဖြတ်ပါတယ်။  ပြီးတဲ့အခါကျတော့ ၂၀၁၇ နှစ်ဦးမှာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ်တွေပေါ့လေ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ၊ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးနဲ့ပတ်သက်တာ၊ နိုင်ငံရေဆွေးနွေးပွဲနဲ့ ပတ်သက်တာ ဒါတွေကို ဒီနှစ်ထဲမှာ လုပ်သွားနိုင်ဖို့ လုပ်ငန်းစဉ်တချို့ ချမှတ်တာပေါ့ဗျာ။ ”

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ALP က အဖွဲ့ဝင်တချို့ လက်နက်နဲ့အတူ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေးကို ထိန်းသိမ်းထားတဲ့ ကိစ္စတွေရှိခဲ့တဲ့အတွက် ဒီလိုကိစ္စရပ်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာ လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာလို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒါ့အပြင် သမ္မတဦးထင်ကျော်ရဲ့ ၂၀၁၇ နှစ်သစ်မိန့်ခွန်းနဲ့ လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို ကြိုဆိုကြောင်းလည်း အဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေးပြီး ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင်းတနေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အပါအ၀င် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတူတကွ အားသွန်ခွန်စိုက် ကြိုပမ်း ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

“၂၀၁၇ က ငြိမ်းချမ်းရေးနှစ်လို့ အကြီးအကဲတွေက ပြောထားတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးက ပြည်သူလူထုကလည်း တကယ်ပဲ တောင်းဆိုနေပြီဆိုတော့ ဒီငြိမ်းချမ်းရေးကိုတော့ ပြည်သူလူထု လက်ထဲကို မရောက်ရောက်အောင် ထည့်ပေးဖို့ပေါ့လေ။ ပေါင်းစုံ ကြိုးစားပြီးတော့ လုပ်ကြဖို့ အနစ်နာခံစရာရှိရင် အနစ်နာခံဖို့ပေါ့။ ဒါကို ကျနော်တို့ကတော့ ဆုံးဖြတ်ဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

လတ်တလောရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရနဲ့တပ်မတော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံေ ဆွးနွေးဖြေရှင်းဖို့ အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင် အဖွဲ့ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013