DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်ထွက်ပြေးသည့် ကချင်စစ်ပြေးဒုက္ခသည်များ ပြန်မောင်းထုတ်ခံရ
DVB
·
January 11, 2017
တရုတ်ဘက်ထွက်ပြေးသည့် ကချင်စစ်ပြေးဒုက္ခသည်များ ပြန်မောင်းထုတ်ခံရ
1 / 6
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နားဂျန်ဒေသဘက်မှာ မနေ့က မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒုက္ခသည်စခန်းကနေ တရုတ်ပြည်ဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေဟာ တရုတ်ဘက်က နှင်ထုတ်တာခံရတယ်လို့ ကချင်ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့လက ဇိုင်းအောင်ဒုက္ခသည်စခန်းအနီး လက်နက်ကြီးတွေကျလို့ လူပေါင်း ၂၆၀၀ ကျော် အဲဒီစခန်းကနေ စွန့်ခွာခဲ့ပြီး ၂ မိုင်လောက်ဝေးတဲ့ နားဂျန်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။

မနေ့ကတော့ နားဂျန်းဘက်မှာ တိုက်ပွဲတွေထပ်ဖြစ်လို့ တရုတ်ဘက်ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ ကချင်ဒုက္ခ သည်အရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဂွန်ရှာအောင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာတော့ ဒီနားဂျန်ဧရိယာလို့ ခေါ်တာပေါ့နော်၊ အရင်တုန်းက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လိုင်ဖောင်နဲ့ ဂီဒွန်ဒေသနဲ့လည်း သိပ်မဝေးဘူး၊ အဲဒီမှာ ကေအိုင်အေရဲ့ တပ်စခန်း ရှိတယ်လို့ သိရပါတယ်။ အဲဒီဝန်းကျင်မှာ မနေ့က တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့တယ်၊ တိုက်ပွဲတွေတော်တော်လေးပြင်းထန်တယ်။ အဲဒါကြောင့် အိုင်ဒီပီတွေက တော်တော်ထိတ်လန့်ပြီး မနေ့ညက ထပြေးရတဲ့ အနေအထားပေါ့။ ဇိုင်းအောင်က ထပ်ဆင့်ရွှေ့ပြောင်းထားတဲ့ အိုင်ဒီပီရယ်၊ ခေါင်ရှောင်မှာရှိတဲ့ အိုင်ဒီပီရယ် စုစုပေါင်း ၄၀၀၀ လောက်ရှိတယ်။ မနေ့ညကနေ ဒီမနက် ၄ နာရီလောက်အထိ ရွှေ့နေကြတယ်။ ဒါပေမယ့် ဒီနေ့မနက်ကျတော့ သူတို့ကို တရုတ်ပြည်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်နဲ့ရဲတွေက စစ်ဆေးပြီး မြန်မာပြည်ဘက်ခြမ်းကို ပြန်နှင်ထုတ်တယ်လို့ ကျနော်တို့သိရတယ်။ တညလုံး ပြေးရလွှားရနဲ့ တချို့ဆို မနက်စာတောင် မစားရသေးဘူး။ ကလေးတွေရော၊ လူအိုတွေရော၊ သွေးတိုးတတ်တဲ့ လူတွေရော ရုတ်ရုတ်သဲသဲပြေးနေရလို့ တော်တော်လေးခက်ခဲတဲ့ အနေအထားမှာရှိပါတယ်။”

မနေ့က တိုက်ပွဲဖြစ်ပွားတဲ့ နားဂျန်ဒေသအနီးတ၀ိုက်မှာ ဇိုင်းအောင်ဒုက္ခသည်စခန်းမှ ထွက်ပြေးလာသူ ၂၆၀၀ ကျော်၊ ခေါင်ရှောင်စခန်းနဲ့ မူရင်းဒေသခံရွာသားပေါင်း ၂၀၀၀ ကျော်နဲ့ မနီးမဝေးက မဂါးရန်ဆိုတဲ့ ရွာဘက်မှာလည်း လူပေါင်း ၂၆၀၀ ရှိနေတယ်လို့ သိရပါတယ်။

ဇိုင်းအောင်က ထွက်ပြးလာတဲ့ ဒုက္ခသည်တွေဟာ ဒါ့ဘတ်ခ်ချောင်းဘေးတလျှောက်မှာ ယာယီမိုးကာတွေနဲ့ တဲထိုးနေနေရပြီး အခုဆောင်းတွင်းလည်းဖြစ်၊ မိုးလည်းရွာတော့ လုံခြုံတဲ့ အမိုး အကာရဖို့က အရေးပေါ်လိုနေပြီး စားနပ်ရိက္ခာလည်း လိုအပ်နေတယ်လို့ အိုင်ဒီပီ ကယ်ဆယ်လှုပ်ရှားမှု ကွန်ရက်အဖွဲ့ကပြော ပါတယ်။

ကချင်ပြည်နယ်ထဲမှာ စစ်ပြေးဒုက္ခသည်စခန်းစုစုပေါင်း ၁၆ ခုရှိပြီး မြန်မာအစိုးရက ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးတဲ့နောက် နိုင်ငံတကာ အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုတွေ လျော့နည်းသွားလို့ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ လျှော့ပြီးပေးဝေနေရတယ်လို့လည်းဆိုပါတယ်။

ဓာတ်ပုံ - KHON JA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013