DVB Logo
Home
Lead Story
အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း အလားအလာ - အယ်ဒီတာစကားဝိုင်း
DVB
·
January 11, 2017
အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း အလားအလာ - အယ်ဒီတာစကားဝိုင်း
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့ အန်အယ်လ်ဒီအစိုးရဟာ ၂၀၁၆ ခုနှစ်ကို စိန်ခေါ်မှုများစွာ၊ ဖိအားပေါင်းစုံနဲ့ ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ အောင်မြင်တာရှိသလို ၂၀၁၇ အထိ ဆက်လက်သယ်ဆောင်ပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းအများအပြားလည်း ရှိနေပါသေးတယ်။ ဒီနေ့ အယ်ဒီတာစကားဝိုင်း အစီအစဉ်မှာ ၂၀၁၇ အလားအလာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးထဲက ကောင်းနိုးရာရာလေးတွေ ကောက်နုတ်ပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာအေးမောင်ကျော်နဲ့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဇေယျာလှိုင်တို့ ဖြစ်ပါတယ်။

ဦးခင်သန်း (ဒီဗွီဘီ)

"၂၀၁၆ တနှစ်တာကာလကတော့ ပြီးသွားပြီပေါ့နော်။ ဒီကာလထဲမှာလည်း ရွေးကောက်ပွဲနဲ့ အသစ်တက်လာတဲ့ အစိုးရအနေနဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာလည်း အများကြီးပဲ။ ဆက်လက်ပြီးတော့လည်း ပြဿနာတွေကလည်း ရှိနေတုန်းပဲ။ အဲဒီတော့ ၂၀၁၇ ကို ဘယ်လို အခြေအနေရှိမလဲလို့ ကျနော်တို့ ဆွေးနွေးသွားကြမှာပေါ့နော်။ အဲဒီတော့ ပထမဆုံး ဆရာအေးမောင်ကျော်ကို မေးချင်ပါတယ်။ အခု ကျနော်တို့ ရွေးကောက်ပွဲ ၁ နှစ်ကြာပြီပေါ့နော်။ အစိုးရလည်း တက်နေပြီ။ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလတုန်းက အန်အယ်လ်ဒီရဲ့ ဦးစားပေးအစီအစဉ်တခုက ဖွဲ့စည်းပုံပြင်ဆင်ရေးပေါ့။ ဒါပေမယ့် ဒီကနေ့ကြည့်လိုက်မယ်ဆိုရင် ၂၀၁၆ တနှစ်လုံးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘာသံမှထွက်မလာဘူး။ ပြည်သူလူထုတချို့က မျှော်လင့်နေတာပေါ့။ ဘယ်လိုပြင်မလဲ၊ ဘယ်လိုအလားအလာ ရှိမလဲပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ၂၀၁၇ မှာရော ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုအလားအလာရှိနိုင်မလဲဆိုတာ ဆရာအေးမောင်ကျော် ဆွေးနွေးပေးပါဦး။”

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“၂၀၁၆ ကတော့ ကုန်သွားပြီပေါ့နော်။ ၂၀၁၇ နှစ်ဆန်းမှာ နှစ်သစ်ကူးမိန့်ခွန်းတွေ ကျနော်တို့ ကြားရတယ်ပေါ့နော်။ သမ္မတကြီး ဦးထင်ကျော် ပြောတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ ခြုံကြည့်လိုက်ရင် နိုင်ငံတော်သမ္မတ ပြောတဲ့အထဲမှာတော့ အချက် ၄ ချက်ပဲဗျ။ ငြိမ်းချမ်းရေးရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ပါတယ်။ ၂၀၁၆ တနှစ်လုံးကတော့ စောစောကပြောသလို တကယ့်ကို ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့တယ်။ ကျနော်တို့လည်း အားလုံး မြင်တွေ့ခဲ့ရတယ်ပေါ့နော်။ ပြည်သူလူထုတရပ်လုံး၊ ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်တဲ့ဖြစ်စဉ်ပဲ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ငြိမ်းချမ်းရေးကို တော်တော်ဦးစားပေး ကြိုးစားခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဒီကြားထဲမှာ မထင်မှတ်ဘဲ ပေါ်လာတဲ့ပြဿနာက ရိုဟင်ဂျာလို့ခေါ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကိစ္စတွေပေါ့နော်။ ဒါတွေ တော်တော်အကျပ်အတည်းတွေ ကြုံခဲ့တယ်။ ဒါတွေကို ဖြေရှင်းရင်းနဲ့ ဆက်ပြီးတော့ ပါလာမယ့်ပြဿနာတွေလို့ ကျနော်တော့ မြင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာက ကျနော်ထင်တာတော့လေ၊ နိုင်ငံတော်သမ္မတ မိန့်ခွန်းမှာလည်း နံပါတ် ၄ မှာရှိတယ်။ ရွေးကောက်ပွဲကာလတုန်းက ပြောတာရှိတာပေါ့။ တကယ့်လက်တွေ့မှာတော့ နိုင်ငံတနိုင်ငံကို ပြန်ပြီး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အခါမှာ နေရှင်နယ် ဒိုင်ယာလော့ဂ်ပေါ့နော်။ အမျိုးသားညီလာခံကြီးက ချမှတ်တဲ့လမ်းစဉ်အတိုင်း ပေါ်ထွန်းလာတဲ့ ဖွဲ့စည်းပုံနဲ့ သွားမယ်ဆိုတဲ့ မူတခုရှိတယ်။  သီးခြား ကျနော် ထင်တယ်လေ။ ဖွဲ့စည်းပုံ ဟိုအချက်ကို ပြင်လိုက်ပါ၊ ဒီအချက်ကို ပြင်လိုက်ဖို့ စသဖြင့် တင်သွင်းတာ ဖြစ်လာမယ်လို့တော့ ကျနော် မထင်ဘူးဗျ။”

ဦးခင်သန်း (ဒီဗွီဘီ)

“အဲဒီတော့ ကျနော်တို့ တဘက်က ကြည့်မယ်ဆိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ပေါ့နော်။ အခုနက ဆရာအေးမောင်ကျော် ပြောတဲ့အထဲမှာလည်း ပါတယ်။ ၂၀၁၆ ထဲမှာ အကြီးမားဆုံး ပြဿနာက ကျနော်တို့ အနောက်ဘက်ပြဿနာလည်း ရှိသလို အရှေ့မြောက်ဘက်က ပြဿနာပါ အခု ရှိလာတယ်။ အဲဒီတော့ တဘက်ကလည်း ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် လွှတ်တော်ပြင်ပမှာ လုပ်တာအပြင် တခြားနည်းလမ်းတော့ သိပ်မတွေ့ရဘူးပေါ့နော်။ အဲဒီတော့ ကိုဇေယျာလှိုင်ကရော ၂၀၁၇ ပြည်တွင်းငြိမ်းချမ်းရေးအလားအလာ ဘယ်လိုရှိနိုင်မလဲ။”

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

“ကျနော်မြင်တာကတော့ ပြီးခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ ၂၁ ရာစုပင်လုံပေါ့နော်။ အဲဒါပြီး သိပ်မကြာခင်မှာပဲ တိုက်ပွဲတွေဖြစ်တယ်။ ဒါကြီးက အရမ်းကို ဆိုးဝါးပြီးတော့ ကျနော်တို့ စိုးရိမ်တာက ၂၀၁၇ ထဲမှာ အဲဒီလို နောက်ဆက်တွဲ အစည်းအဝေးတွေ ဖြစ်လာနိုင်ပါ့မလားပေါ့နော်။ တိုင်းရင်းသားအချင်းချင်းကြားထဲမှာလည်း လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့နဲ့။ အခု တိုက်တဲ့အဖွဲ့နဲ့ မတိုက်တဲ့အဖွဲ့နဲ့ ထပ်ပြီးတော့ကွဲတာပေါ့နော်။ အဲဒီတော့ ဒီလိုမျိုး ဆက်ပြီးသွားနိုင်ပါ့လားဆိုတဲ့ ပြဿနာ ကျနော်ကတော့ မြင်ပါတယ်။  နောက်တခုကလည်း ဖွဲ့စည်းပုံဥပဒေ ပြင်မယ်ဆိုတော့ သူ့ရဲ့ Election Manifesto ပေါ့လေ။ ဒါပေမယ့် အခုလောလောဆယ်မှာ သေးသေးမွှားမွှားလေးတွေတောင် ပြင်ဖို့ သူတို့အနေနဲ့ မပြင်နိုင်ဘူးလေ။ ဥပမာအားဖြင့် အများနဲ့သက်ဆိုင်တဲ့ ၆၆(ဃ) လိုဟာမျိုး။ ပြင်မယ် ဆင်မယ် ပြောပေမယ့်လည်း လွှတ်တော်ထဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးတာ မတွေ့ရဘူးပေါ့နော်။ ပြည်သူ့ကိုယ်စားလှယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်အများစု ဝင်သွားတဲ့ လွှတ်တော်မှာ ပြည်သူအများနဲ့သက်ဆိုင်တဲ့ အရင်တုန်းက အစိုးရအဟောင်းက ချမှတ်ခဲ့တဲ့ ဒီလိုမျိုး ဥပဒေတွေပေါ့နော်။ ဒီဥပဒေဟာ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံဥပဒေနဲ့ယှဉ်မယ်ဆိုရင် ဒီဥပဒေက သေးပါတယ်။ အဲဒီလိုလေးတောင်မှ ပြင်မယ်မရှိဘဲ သူတို့ကိုယ်တိုင်က ဒါကို ကျင့်သုံးနေတာမြင်တော့ ကျနော်တို့က နေရာပြောင်းလို့ပဲ အတွေးအခေါ် အမြင်တွေ ပြောင်းသွားသလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ ကျနော်ထင်ပါတယ်။ လက်ရှိအစိုးရမှာလည်း တပ်နဲ့ပတ်သက်ပြီး အပေးအယူကိစ္စတွေ ကြီးထားတဲ့အခါကျတော့ သူတို့အနေနဲ့ ပြောရဆိုရ ခက်လိမ့်မယ်။ ဒီနေရာမှာ ကျနော်ကတော့ လူထုနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ ဆက်ဆံပေးရင် ပိုကောင်းမယ်လို့ ကျနော်က မြင်တယ်။ ပြီးတော့မှ အကူအညီလိုတယ်ဆိုရင်လည်း အကူအညီလိုတဲ့အကြောင်းကို ပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ကို ရှင်းပြပေးမယ်ဆိုရင် ကျန်တဲ့ ဒီအစိုးရအဖွဲ့မှာ မပါတဲ့ ပညာရှင်တွေ၊ ကျန် တတ်သိပညာရှင်တွေက ဝိုင်းပြီးကူနိုင်မယ်ဆိုရင်တော့ ခုနကပြောတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အထောက်အကူဖြစ်မလားလို့ ကျနော်ကတော့ မြင်ပါတယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

“လွှတ်တော်တွင်းလည်း နည်းနည်းပါလာတယ်။ ၂၀၁၆ လွှတ်တော်ကတော့ မဏ္ဍိုင်ကြီး ၃ ရပ်ထဲမှာဆိုတော့ လွှတ်တော်က တော်တော်လုပ်ခဲ့တာ အသိအမှတ်ပြုရမယ့် အချက်လေးတွေ ရှိတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ၅(ည) ကို ဖျက်လိုက်တာမျိုး။ ဒါ ကောင်းပါတယ်။ ၁၀(ခ) ကိစ္စဆိုလည်း ဒီလိုပဲ။ အဲဒီတော့ ဒီ ၂၀၁၆ လွှတ်တော်ကို ကြည့်လိုက်တဲ့အခါကျတော့ ရုပ်သိမ်းတာနဲ့ ပြင်ဆင်တာပဲ ဦးစားပေးသွားခဲ့တာ ကျနော်တို့ တွေ့ရတယ်။ အခု ၂၀၁၇ မှာ  သူတို့ရဲ့ ရည်မှန်းချက်ကတော့ အသစ်ပြဋ္ဌာန်းမယ့်ဟာတွေလည်း ပါလာမယ်လို့ အသံတွေတော့ ထွက်နေတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး ၂၀၁၇ ဥပဒေပြုရေးနဲ့ ပတ်သက်ပြီးတော့ ဆရာအေးမောင်ကျော် ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။”

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“ဥပဒေပြုရေးမဏ္ဍိုင်က အခုဟာက အစိုးရနဲ့ ဥပဒေပြုရေးမဏ္ဍိုင်က အန်အယ်လ်ဒီအနေနဲ့ Majority ရထားတာပေါ့လေ။ Majority ဖြစ်နေတဲ့အခါကျတော့ အတိုက်အခံသဘောထက် အပြန်အလှန် အားပေး ထိန်းကျောင်းတဲ့သဘော တွေ့ရတယ်ပေါ့နော်။”

ဦးခင်သန်း (ဒီဗွီဘီ)

“ဒါပေမယ့် တချို့ အသံထွက်နေတာက လွှတ်တော်နဲ့ အစိုးရ အခုနောက်ပိုင်းက Check and Balance ပျောက်ဆုံးနေတယ်လို့တောင်မှ အသံတွေ ထွက်နေတယ် ဆရာ။”

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“ဟုတ်တယ်။ အဲဒီ Check and Balance ကလည်း ဘယ်ဟာကို Check လုပ်မလဲဆိုတာ ရှိသေးတာကိုး။ ဒီမှာက တကယ်တမ်းကတော့ဗျာ ဥပဒေပြုအဖွဲ့ဆိုတာက ကျနော်တို့လို နိုင်ငံတွေမှာ အစိုးရအုပ်ချုပ်ရေးယန္တရားက လာတာပဲများတယ်။ ဥပဒေတွေက အုပ်ချုပ်ရေးယန္တရားက လာတာများတယ်။ အခု လွှတ်တော်ရဲ့သက်တမ်းက ကျနော်တို့နိုင်ငံ ပြန်ကြည့်ရင် အရမ်းနုနယ်တယ်လေ။ လွှတ်တော်တွေက ခဏတဖြုတ်ပဲ ရှိခဲ့တယ်။ အသက်မဝင်တာတွေများတယ်။ ဥပမာ ဆိုရှယ်လစ်ခေတ်က လွှတ်တော်တွေက ထည့်တွက်လို့မရဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရားကြတော့ ကိုလိုနီခေတ်တလျှောက်လုံး ရှိတယ်။ အုပ်ချုပ်ရေးယန္တရားက အရမ်းခိုင်တယ်။ သူ့ရဲ့ အစဉ်အဆက်တွေ ဥပဒေတွေရော အကုန်လုံးရှိတယ်ပေါ့နော်။ ဆိုတော့ သူက အဲဒီကနေ လာတာများတော့ ကျနော်တို့ရဲ့ ဥပဒေပြုအမတ်တွေက ဒီ Capacity အရ မြှင့်ဖို့လည်း အများကြီးလိုတယ်။ ခုနကပြောတဲ့ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းဖို့ဆိုရင် သူတို့ဘက်က လုပ်စရာတွေ အများကြီးလိုတယ်။ နောက်တခုက မြေပြင်အချက်အလက်တွေပေါ့နော်။ မြေပြင်အချက်အလက်တွေကို ကိုးကားပြီးတော့ လွှတ်တော်မှာတင်ဖို့။ အဲဒီကမှတဆင့် အစိုးရကို ပြန်ထိန်းကျောင်းဖို့ဆိုတာ ဒါက တပိုင်းပေါ့။ နောက်တခုက လွှတ်တော်မှာ ပြုစုတဲ့ ဥပဒေပေါ့၊ ဥပဒေထဲမှာ အခုနပြောတဲ့ ၅(ည) တို့ ဘာတို့ဆိုတဲ့ ဥပဒေတခုရှိတယ်။ နောက် ကောင်းတာတခုက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးတဲ့ ဥပဒေတခုပေါ့။ ဒါ ဆွေးနွေးနေဆဲ ဖြစ်တယ်ပေါ့။ ဒီလာမယ့်နှစ်မှာ ဒါ ပေါ်လာဖို့ရှိတယ်။ အဲဒီဥပဒေကို ကျနော့်သဘောကတော့ တော်တော်ကြိုက်တယ်ဗျ။ ဘာလို့လဲဆိုတော့ နောက်ယောင်ခံလိုက်တာကအစ သူ ကာကွယ်ပေးမယ်။ တဘက်ကကျတော့ ဒါလုပ်လိုက်ရင် အမျိုးသားလုံခြုံရေးစည်း ပေါက်မလားဆိုပြီး ထင်စရာရှိတယ်။ ဒါပေမယ့် ကျနော်ကတော့ အဲဒီလို မထင်ဘူးဗျ။ အဲဒါက လိုအပ်တယ်လို့ ထင်တယ်။ ကျနော်တို့မှာ အခုထိ လူတိုင်းမှာ စိုးရိမ်စိတ်တွေရှိတယ်။ ဒါတွေ လွတ်ကင်းသွားဖို့ လိုတယ်။ တနည်းပြန်ချုပ်ကိုင်မယ့် နည်းလမ်းတွေကတော့ ရဲတို့၊ စုံစမ်းထောက်လှမ်းရေးတို့ Surveillance ပေါ့နော်။ ဒါတွေက သတ်သတ် တဘက်တလမ်းက လုပ်ပေါ့ဗျာ။ ကျနော်ထင်တာကတော့ ဒီဥပဒေပြုရေးမဏ္ဍိုင်ကတော့ ၂၀၁၆ လိုပဲ ဆက်သွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

“အခု ၂၀၁၇ ထဲမှာ ကျနော်တို့ မလွဲမသွေ ဖြတ်သန်းရမယ့်တခုကတော့ ကြားဖြတ်ရွေးကောက်ပွဲပေါ့နော်။ အခု ကော်မရှင်ကလည်း ဧပြီလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီး ဖြစ်တယ်။ အခုဆိုရင် တချို့ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ နာမည်စာရင်းတောင်မှ ထွက်ပြီပေါ့နော်။ အဲဒီတော့ ကိုဇေယျာလှိုင်ရေ၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအကြောင်းနဲ့ ပြောရမယ်ဆိုရင် နိုင်ခြေ အလားအလာ၊ လက်ရှိအပြင်အဆင်၊ အဲဒါလေး မှတ်ချက်ပေးပါဦး။”

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

“ပွင့်ပွင့်လင်းလင်း ပြောရရင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လူတွေက စိတ်ဝင်စားမှု တအားနည်းနေတယ်။ အဲဒီတော့ ဘယ်တော့လုပ်မလဲဆိုတာ ကျနော်တို့ မီဒီယာထဲမှာတောင် မသိတဲ့လူတွေ အများကြီးရှိတယ်။ အဓိကကတော့ ဒီကလည်း သူ့ရဲ့ Procedure အရ လွတ်တဲ့နေရာကို ပြန်ပြီးလုပ်ရမယ်ဆိုတဲ့ပုံစံအရ သူ့ရဲ့ Schedule အရ လုပ်တယ်ဆိုပေမယ့် စိတ်ဝင်စားမှုနည်းသလို ဒီနေရာမှာ Majority ရထားတဲ့ပါတီအနေနဲ့ ဝင်မပြိုင်ဘူးဆိုရင်တောင်မှ ခုနက ကျနော်တို့ ပြောခဲ့သလို ဘာမှ အထွေအထူး မရှိလောက်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ရဲ့ Schedule အရသာလုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး သိပ်ပြီးတော့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲနိုင်တဲ့ အင်အားစုတွေလာမယ့် ရွေးကောက်ပွဲလို့ ကျနော်ကတော့ မမြင်ဘူးပေါ့လေ။”

ဦးခင်သန်း (ဒီဗွီဘီ)

“ဟုတ်ကဲ့။ ဒါပေမယ့် တခုစဉ်းစားစရာရှိတာက ကျနော်တို့ ပြီးခဲ့တဲ့ ပထမတကြိမ် လွှတ်တော်သက်တမ်းနဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း နှိုင်းယှဉ်လိုက်ရင် အရင်က အာဏာရခဲ့တဲ့ပါတီက အခုက ပြောင်းပြန်ဖြစ်သွားတာပေါ့။ လူတွေမျှော်မှန်းသလောက်တော့ သူတို့က အတိုက်အခံအဖြစ် ရပ်တည်နိုင်တဲ့ အခြေအနေတော့ သိပ်မတွေ့ရဘူး။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ သိတဲ့အတိုင်း တကယ်လို့များ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီနေရာတွေမှာ အတိုက်အခံဖြစ်စေ၊ တိုင်းရင်းသားပါတီတွေကဖြစ်စေ အနိုင်ရရှိခဲ့သည်ရှိသော် အတိုက်အခံလို အင်အားစုတစု ဖြစ်မလာနိုင်ဘူးလား ဆရာအေးမောင်ကျော်။”

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“အဲဒါကတော့ ဒီရွေးကောက်ပွဲက ၁၉ နေရာပဲရှိတာ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာလည်း နည်းနည်းပဲ ပါတယ်လေ။ ခုနကပြောတဲ့ Majority ကို ဘယ်လိုမှ ပြောင်းနိုင်မှာမဟုတ်ဘူး။ မပြောင်းနိုင်ဘူးဆိုတဲ့အခါကျတော့ ဒါက သိပ်ကြီးထူးခြားတဲ့ နိုင်ငံရေးအတိုက်အခံအနေနဲ့ ပေါ်ထွက်လာမှာတော့ မဟုတ်ဘူး။ ဒါပေမယ့်လို့ ပါတီတွေအနေနဲ့တော့ ကိုယ့်ဂုဏ်သိက္ခာအတွက်တော့ ဝင်ပြိုင်ကြမှာပဲ။ အဲဒီထဲမှာတော့ ကျနော်ထင်တာက တိုင်းရင်းသားပါတီတွေတော့ အနိုင်ရစရာ အလားအလာရှိပါတယ်။ နောက် ခုနပြောတဲ့ အာဏာရပါတီအနေနဲ့တော့ သိပ်ပြီးတော့ မထင်ဘူး။ ဆိုတော့ ခုနကပြောသလို ကြားဖြတ်ရွေးကောက်ပွဲက လိုအပ်ချက်အရ သူ့ရဲ့ဖွဲ့စည်းပုံပါအတိုင်း လုပ်ကြတာ။ စိတ်ဝင်စားမှုကတော့ နည်းတယ်ပေါ့လေ။ နည်းသော်ငြားလည်း အဓိက ကျနော်တို့လုပ်ရမှာက ကိုယ့်ပါတီဂုဏ်သိက္ခာ၊ ပါတီတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်တဲ့ အစဉ်အလာ၊ ဒါတွေကို လုပ်တဲ့သဘောပါပဲ။”

ဦးခင်သန်း (ဒီဗွီဘီ)

“ဟုတ်ကဲ့။ အခု ကျနော်တို့ ၂၀၁၆ တနှစ်လုံး ဖြတ်သန်းခဲ့တာ ကျနော်တို့ ကြည့်လိုက်ရင် စီးပွားရေးပေါ့။ ဒါ အစိုးရအနေနဲ့ လုပ်ခဲ့တာတွေ ကြည့်မယ်ဆိုရင် နိုင်ငံရေးကိုတော့ ဦးစားပေးတာ လူတိုင်းကလည်း အောင်မြင်တာရှိမယ်၊ မအောင်မြင်တာရှိမယ်ဆိုတာ နားလည်မှုရှိနိုင်တယ်။ ဒါပေမယ့် စီးပွားရေးက တော်တော်လေးကို အခြေအနေ ကျဆင်းသွားတာတော့ လူတွေက စိတ်ထဲ သိပ်ပြီး ဘဝင်မကျကြဘူးပေါ့။ အဲဒီတော့ ကိုဇေယျာလှိုင်၊ ၂၀၁၇ စီးပွားရေးကရော ၂၀၁၆ ထက် အလားအလာ ပိုကောင်းနိုင်ပါ့မလား။”

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

“စီးပွားရေးနဲ့ပတ်သက်လို့ ခိုင်မာတဲ့မူဝါဒမျိုး ကျနော်တို့ မမြင်ရသေးဘူးပေါ့နော်။ ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်မယ်လို့ လေပဲရှိခဲ့တာပေါ့နော်။ တကယ်တမ်း ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ မမြင်ခဲ့ရဘူး။ အဓိက ထင်သာမြင်သာရှိတဲ့ မူဝါဒတွေနဲ့ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာတွေ မမြင်ရသေးသ၍တော့ ကျနော်တို့ကတော့ ကောင်းလာမယ်လို့ မမြင်ပါဘူး။”

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“စီးပွားရေးအရ ဟုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နှေးကွေးသွားတယ်၊ တုံ့ဆိုင်းသွားတယ်လို့ ပြောဖူးတာရှိတယ်ပေါ့နော်။ မြန်မာပြည်ရဲ့ စီးပွားရေးကလည်း ထူးခြားချက်တွေရှိတယ်။ တရားမဝင်စီးပွားရေးက တဝက်လောက်ရှိနေတယ် ဆိုတာမျိုးတွေလည်း ရှိတယ်။ မြေယာတွေမှာလည်း ဧကပေါင်း ၅ သန်းလောက်က အလုပ်မလုပ်တဲ့ ပုဂ္ဂလိကတွေလက်ထဲ ရောက်နေတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုလိုတာကတော့ တိုင်းပြည်မှာက အခွန်မရတဲ့ကိစ္စတွေ အများကြီးရှိတယ်လေ။ ဖြစ်သင့်တာကတော့ အဲဒီကိစ္စတွေကို အခွန်ဆောင်တဲ့အထဲကို ပြန်ရောက်လာအောင် ကြိုးစားသင့်တယ်။”

ဦးခင်သန်း (ဒီဗွီဘီ)

“နောက်တခုက ကိုဇေယျာလှိုင်၊ တရားရေးမဏ္ဍိုင် စောင်းနေတာက တောက်လျှောက်ပဲ။ ၂၀၁၇ မှာရော တရားရေးမဏ္ဍိုင် ပြန်တည့်မယ်လို့ ယူဆလား။”

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

“ကျနော်ထင်တယ်။ ခုနကပြောသလို လွှတ်တော်နဲ့ အစိုးရအဖွဲ့တော့ လူတွေ ပြောင်းနိုင်တယ်ပေါ့နော်။ တရားရေးကျတော့ အခုထက်ထိ အရင်လူဟောင်းတွေနဲ့ပဲ သွားနေတုန်းပဲ။ အဲဒီထက်ဆိုးတာက တရားရေးက ပွင့်လင်းမြင်သာမှု အနည်းဆုံး၊ အသံအတိတ်ဆုံးပဲ။ ကျနော်တို့ မီဒီယာတွေကလည်း တကယ့်ကို Access လုပ်ဖို့ အရမ်းခက်တဲ့ အနေအထားပေါ့နော်။ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာလည်း တရားသူကြီးတွေက ကျနော်တို့ မီဒီယာနဲ့ ထိတွေ့ဆက်ဆံဖို့ သိပ်မလိုလားကြဘူးပေါ့နော်။ အဲဒီပြဿနာတွေကို လွယ်လွယ်နဲ့တော့ ရှင်းလို့မရလောက်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ဥပဒေပြုမဏ္ဍိုင်က နိုင်ငံမှာ အရေးကြီးတဲ့ အစိတ်အပိုင်း။ နောက်တခုက လူတွေ မယုံကြည်ဆုံး အစိတ်အပိုင်းကလည်း အဲဒီအစိတ်အပိုင်း ဖြစ်နေတယ်။ အဲဒီတော့ ပြောင်းလဲရေးက လွှတ်တော်ကြည့်လည်း မြင်ရတယ်။ အုပ်ချုပ်ရေးကြည့်လည်း မြင်ရတယ်။ တရားစီရင်ရေးဘက်က ပြောင်းဖို့ သူတို့ကိုယ်တိုင်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ နောက် ပညာရှင်တွေလည်း လိုမယ်။ ခေတ်အဆက်ဆက် သွားနေတဲ့ ခြစားမှုပေါ့နော်။ ဒါကြီးကို မတိုက်နိုင်သေးသ၍တော့ တရားစီရင်ရေးစနစ်ကို သွားလုပ်ဖို့က တော်တော်လေး ခက်ခဲနေဦးမယ်လို့ ကျနော် ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013