DVB Logo
Home
မြန်မာသတင်း
မောင်တော ကာကွယ်ဆေးထိုးရေး သတင်းမှားဖြန့်ချိမှုကြောင့် အခက်ခဲကြုံတွေ့
DVB
·
January 11, 2017
မောင်တော ကာကွယ်ဆေးထိုးရေး သတင်းမှားဖြန့်ချိမှုကြောင့် အခက်ခဲကြုံတွေ့
Donate to DVB

မောင်တောမြို့နယ်ထဲက ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေကို သတင်းမှားဖြန့်ချိပြီး ဆန့်ကျင်မှုတွေရှိနေတဲ့အတွက် ရောဂါကာကွယ်ရေး စီမံချက်တွေအောင်မြင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မောင်တောမြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေနဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာတွေ လုပ်ဆောင်နေပေမယ့် သတင်းမှားဖြန့်ချိတာနဲ့ ဆန့်ကျင်ပြောဆိုမှုတွေကြောင့် ကာကွယ်ဆေးတိုက်ကျွေးသူ အလွန်နည်းပါးနေပြီး ကျန်းမာရေး ဌာနရဲ့ ရောဂါကာကွယ်ရေး စီမံချက်တွေ အောင်မြင်ဖို့ အခက်အခဲတွေနဲ့ တွေ့နေရတာပါ။

မောင်တောမြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက "ကျနော့်ဝန်ထမ်းတွေ ကျန်းမာရေးမှူးဦးဆောင်ပြီးတော့ ကျနော်တို့ ပိုလီယိုကာကွယ်ဆေးကို တိုက်နေကြပါတယ်။ သို့သော်လည်း ထင်သလောက်မအောင်မြင်ဘူး။ ဘာကြောင့်လဲဆိုတော့ တမန်းသားမှာ ရှိတဲ့ Rumour (ကောလာဟလ) ကြောင့် အခက်အခဲမျိုးစုံကြုံရပါတယ်။ RHC တော်တော်များများမှာလည်း ကျန်းမာရေးဝန်ထမ်းတွေက သက်ဆိုင်တဲ့ ဘင်္ဂါလီရွာတွေကိုသွားပြီး လုပ်တယ်။ ဒါပေမယ့် သူတို့က လက်မခံဘူး ဖြစ်နေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေကို လက်မခံတာဟာ တမန်းသားရွာမှာ ကာကွယ်ဆေးတိုက်လို့ ကလေးငယ် တဦးသေဆုံးရတယ်လို့ ဆန့်ကျင်သူတချို့က သတင်းတွေကို ဖြန့်ချိနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုဖြစ်လာပြီး စုရပ်တွေကို ဆေးထိုးဆေးတိုက်ဖို့မလာသလို အိမ်တိုင်ရာရောက် ဆေးတိုက်ဖို့လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အတွေ့မခံဘဲ တိမ်းရှောင်နေကြတာပါ။ သတင်းတွေ ဖြန့်ချိသလို ကလေးသေဆုံးမှုဟာလည်း ကာကွယ်ဆေး ကြောင့် မဟုတ်ဘူးလို့လည်း ဆရာဝန်ကြီးက ပြောပါတယ်။

"အဲဒီကလေးလေးက ကျနော်တို့ရဲ့ ပိုလီယိုဆေးတိုက်တဲ့ စာရင်းထဲမှာ မပါပါဘူး။ အဲဒီဒေသခံ တွေက မဟုတ်မမှန် သတင်းလွှင့်ပြီးတော့၊ ပိုလီယိုကာကွယ်ဆေးတိုက်လို့သေတယ်ဆိုပြီး သတင်းလွှင့်တော့ ကျနော်တို့ ဆေးတိုက်ရတာ အခက်အခဲတွေရှိပါတယ်။ ကလေးဆုံးတာကလည်း ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး သွေးအဆိပ်တက် ရောဂါကြောင့် ဆုံးတာလို့သိရပါတယ်။" လို့ ဒေါက်တာကျော်မောင်မောင်သိန်းက ဆိုပါတယ်။

ဇန်န၀ါရီလထဲမှာ လတ်တလော ပျော့ခွေအကြောသေ ရောဂါလက္ခဏာရှိတဲ့ ကလေးတဦးကို မောင်တောတောင်ပိုင်းမှာ တွေ့ရှိခဲ့တာကြောင့် ပိုလီယိုကြောင့် အကြောသေတာဟုတ်မဟုတ် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို နမူနာတွေပေးပို့စစ်ဆေးထားသလို အဲဒီကလေးနေတဲ့ ကျေးရွာမှာ ပိုလီယို ကာကွယ်ဆေး တိုက်နေပေမယ့် အများစုက လက်မခံကြပါဘူး။

မောင်တောမြို့နယ်ထဲမှာ တိုက်နယ်ဆေးရုံ ၄ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၅ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၁ ခု၊ မိခင်နှင့်ကလေးဌာန ၁ ခုဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာပါ။

သတင်း၊ ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013