DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၃ ဦးကို ကယ်ထုတ်
DVB
·
January 11, 2017
ထိုင်းတောင်ပိုင်းတွင် လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၃ ဦးကို ကယ်ထုတ်
Donate to DVB

 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ချိုင်းယားမြို့နယ်ထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၃ ဦးကို ရေကြီးရေလျှံမှု ဖြစ်နေတဲ့ကြားက ဇန်နဝါရီ ၁၀ ရက်က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ)က ပြောပါတယ်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်က လူတဦးဟာ ထိုင်းနိုင်ငံမှာ ရောင်းစားခံရကြောင်းနဲ့ ကူညီကယ်ထုတ်ပေးဖို့ မြဝတီမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အမ်အေတီအဖွဲ့ကို အကူအညီတောင်းခဲ့ပြီး သူတို့အဖွဲ့ကလည်း ထိုင်းအထူးရဲတပ်ဖွဲ့ (ဒီအက်စ်အိုင်) နဲ့ ဆက်သွယ်ပူးပေါင်းကာ စာထဲပါတဲ့ လူတဦးအပြင် နောက်ထပ် ဘဝတူအလုပ်သမား ၂ ဦးကိုပါ ကယ်ထုတ်ခဲ့တယ်လို့ အမ်အေတီရဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုစိုင်းအေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဒီအက်စ်အိုင် အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ရော၊ နယ်မြေခံရဲတွေနဲ့ အတူတူ သွားကြတယ်။ သွားတဲ့အချိန်က တောင်ကျရေကြီးနေတဲ့အချိန်၊ တံတားကျိုးနေတဲ့အချိန်၊ ကံကောင်းလို့ ကျနော်တို့ ၂ စီး လွတ်သွားပြီး ကျန်တဲ့ကားတွေ သွားလို့မရတော့ဘူး။ သူတို့နေရာကို ဂျီပီအက်စ်နဲ့ ရှာပြီး ရောက်သွားတယ်။ တကလုတ်ရပ်ကွက်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ့။ အဲဒီနေရာရောက်တော့ စာထဲပါတဲ့ နာမည်နဲ့လူ ဟုတ်မဟုတ် ခေါ်ထုတ်တယ်။ ပြီးတော့ လစာ ဘယ်လောက်ရလဲ၊ ခြိမ်းခြောက်ခံရတာရှိလားဆိုပြီး မေးတယ်။ သူတို့ကနေပြီးတော့မှ အဲဒီမှာ အလုပ်လုပ်တာ နှစ်နဲ့ချီပြီး လစာမရဘဲ ပွဲစားလက်ထဲကိုပဲ ရောက်သွားတယ်လို့ ပြောတယ်။ အဲဒီမှာ အလုပ်သမား ကာကွယ်ရေးရုံးက လူတွေလည်း ရောက်လာပြီး လာရှင်းပေးတယ်။ သူတို့ရစရာရှိတာတွေ ပြန်တောင်းပေးတယ်၊ သူတို့ဘက်က ပြန်ပေးစရာတွေလည်း နုတ်ပြီး ရှင်းပေးလိုက်တယ်။”

လူကုန်ကူးခံရသူထဲ ဘောင်ဝင်ပြီး ကယ်ထုတ်လာတဲ့အထဲမှာ ပဲခူးတိုင်း သနပ်ပင်မြို့နယ်က ရွာသား ၂ ဦးနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့က ၁ ဦး ပါဝင်ပြီး အားလုံးဟာ အသက် ၂၀ နဲ့ ၃၀ ကြား လူရွယ်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာပြီး အလုပ်သမားကဒ် တွေလည်း မရှိတဲ့အတွက် ထိုင်းဥပဒေအရ ပေးတဲ့ပြစ်ဒဏ်ကို အရင်ခံရပြီးမှ မြန်မာပြည်ကို ပြန်ရမှာ ဖြစ်ပြီး အမှုရင်ဆိုင်ချိန် ၂ လလောက်ကြာမယ်လို့ ကိုစိုင်းအေးက ပြောသွားပါတယ်။

သူတို့အလုပ်ရှင်ဟာ ရွာသူကြီးဖြစ်ပြီး အဆိုပါ ရွာသူကြီးကလည်း လက်မှတ်မရှိတဲ့ အလုပ်သမားတွေ ခိုင်းစေမှုတွေ၊ တရားမ၀င်သူတွေကို ခိုလှုံခွင့်ပေးမှုတွေနဲ့ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  

လွတ်မြောက်လာသူ ၃ ဦးထဲက ၁ ဦးဖြစ်တဲ့ ကိုအောင်ကျော်ကျော်ကလည်း ၀မ်းနည်းဝမ်း သာဖြစ်ရကြောင်း၊  သူဟာ ထိုင်းနိုင်ငံထဲ ရောက်ဖို့  ပွဲစားကို ဘတ် ၁၅၀၀၀ ၊ အလုပ်ရဖို့ ဘတ် ၁၅၀၀   ပေးရပြီး နေ့စားတနေ့ ဘတ် ၃၅၀ နဲ့ သဘောတူပြီးလုပ်ခဲ့ရာမှာ သူ့လုပ်အားခတွေကို သူဌေးက ပွဲစား ဆီ လတိုင်း ငွေလွှဲပေးခဲ့ကြောင်း၊ သူတို့ စားဖို့သောက်ဖို့ ပွဲစားရဲ့အမက ဖွင့်ထားတဲ့ဆိုင်မှာ ဘဲ အကြွေးစနစ်နဲ့ ၀ယ်ရတယ်လို့ ဒီဗွီဘီကို ပြောသွားပါတယ်။

“အိမ်ပြန်ရမယ်ဆိုတော့ ပျော်တာပေါ့။ ဒါပေမယ့် သူတို့ဥပဒေအရ ကျနော်တို့ကို ချုပ်ထားဦးမှာ ဆိုတော့ ၀မ်းနည်းတာပေါ့ဗျာ။ ကျနော်ဒီကို ရောက်တာ ၇ လ ရှိပြီ ၊ အိမ်ကို ပိုက်ဆံ တပြားမှ မပို့နိုင်ဘူး။ အကြွေးတွေဘဲ ဆပ်နေရတယ်၊ အလုပ်လည်း အချိန်ပို လုပ်ပေးရတယ်။ သူဌေးက နားရင် မကြိုက်ဘူး၊  အလုပ်မှာ အချောင်ခိုရင် လည်ပင်းကို ဓားနဲ့လှီးမယ်လို့ ချိန်းခြောက်တယ်။”

ဒီကနေ့ သက်ဆိုင်ရာက လာရောက်ဖြေရှင်းပေးလို့ လုပ်အားခ ဘတ်တသောင်းခွဲ ပြန်ရကြောင်း၊ ကျန်တဲ့ ဘ၀တူလုပ်သား ထွန်းထွန်းက ၁၀ လကျော်လုပ်လာခဲ့ပြီး ဖိုးကဆစ်က ၈ လ လုပ်လာခဲ့လို့ ၁ သောင်း ၈ ထောင်လောက် ပြန်ရခဲ့တယ်လို့  ကိုအောင်ကျော်ကျော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013