DVB Logo
Home
မြန်မာသတင်း
ဈေးကစားသူများနှင့် ဒေါ်လာကိုင်ထားသူများ၏ စိုးရိမ်စိတ်ကြောင့် ဒေါ်လာဈေး အတက်အကျကြမ်း
DVB
·
January 10, 2017
Donate to DVB

ပြည်တွင်းဒေါ်လာဈေး အတက်အကျ ကြမ်းရတာဟာ ဈေးကစားသူတွေနဲ့ ပြည်တွင်း ဒေါ်လာကိုင်ထားသူတွေရဲ့ စိုးရိမ်စိတ်ကြောင့်ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

ပြည်တွင်းဒေါ်လာဈေးနှုန်းတွေဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ အတက်အကျ မြန်ဆန်ပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေ ရှိခဲ့တာဟာ ဈေးကစားသူတွေနဲ့ ပြည်တွင်းမှာ ဒေါ်လာကိုင်ထားသူတွေရဲ့ စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့ ဗဟိုဘဏ် တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။

ဒေါ်လာဈေးတည်ငြိမ်ဖို့အတွက် သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ဗဟိုဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းဝင်းက ပြောပါတယ်။

“ဒေါ်လာကိုင်ထားသူတွေက စိုးရိမ်ကြတယ်။ ကျမလား၊ ကျမလားဆိုပြီး ဝယ်ကြတယ်။ တခါ တက်မလား၊ တက်မလားဆိုပြီး မရောင်းကြဘူးပေါ့နော်။ အဲဒီလိုမျိုးလေးတွေဆိုတော့ ဒေါ်လာဈေးက အများကြီးတက်သွားတယ်၊ အများကြီးကျသွားတယ်။ အဲဒါမျိုးကတော့ မဖြစ်သင့်ဘူးလေ။ ပုံမှန်တက်တာကတော့ နိုင်ငံတကာမှာ ငွေကြေးတန်ဖိုးတက်ရင် လိုက်တက်မယ်၊ တန်ဖိုးကျရင် ကျသွားမယ်ပေါ့။”

ဒေါ်လာဈေး အတက်အကျ ကြမ်းနေခြင်းရဲ့ အဓိကပြဿနာတချက်ဟာလည်း ဈေးကစားသူတွေကြောင့်ဖြစ်ပြီး အစိုးရအနေနဲ့ ဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်ပါက အရေးယူနိုင်တဲ့ ဥပဒေဟာ လက်ရှိအချိန်အထိ မဖျက်သိမ်းသေးပေမယ့် ခေတ္တဆိုင်းငံ့ထားပါတယ်။

စီးပွားရေးနဲ့ ဥပဒေအကြံပေး ဦးတင်သန်းဦးက “ငွေကြေးကို အရောင်းအဝယ်လုပ်ဖို့ ကစားနေတယ် ဆိုရင်တော့ အရေးယူရမှာပါ။ နိုင်ငံခြားငွေ လက်ဝယ်ထား သုံးစွဲခွင့်ပေးတယ်ဆိုတာက နိုင်ငံတော်ရဲ့ ဈေးကွက်စီးပွားရေး ဖော်ဆောင်ဖို့အတွက် ခွင့်ပြုတာကိုး။ ဒီနေ့ နိုင်ငံခြားငွေကို ဈေးကွက်အတွက်၊ စီးပွားရေးအတွက် မဟုတ်ဘဲနဲ့ မိမိကိုယ်ကျိုးအတွက် အရောင်းအဝယ် ကုန်ပစ္စည်းတခုလို ထားပြီးတော့ ကစားနေမယ်ဆိုရင် အဲဒီလူတွေကို ဖော်ထုတ်အရေးမယူနိုင်သေးသ၍ ဆရာတို့တိုင်းပြည်ရဲ့ ဒေါ်လာဈေးကို ဘယ်လိုမှ မထိန်းနိုင်ဘူး” လို့ ပြောပါတယ်။

အစိုးရအသစ်လက်ထက်အတွင်း ဒေါ်လာဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာတော့ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၀၀ ကျော်အထိ ပေါက်ဈေးမြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

သတင်း - ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013