DVB Logo
Home
မြန်မာသတင်း
ခရီးသွားလာခြင်းဆိုင်ရာ ဆေးပညာသင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်
DVB
·
January 10, 2017
Donate to DVB

ခရီးသွားလာခြင်းဆိုင်ရာ ဆေးပညာသင်တန်းကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်၊ နှစ်ရက်တာ ပထမဦးဆုံးအကြိမ် အခမဲ့ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

ခရီးသွားလာခြင်းဆိုင်ရာ ဆေးပညာသင်တန်းကို နိုင်ငံတကာက ပါမောက္ခဆရာဝန်ကြီးတွေက ဦးဆောင်ပြီး ပြည်တွင်းမှာ ပထမဦးဆုံးအကြိမ် သင်တန်းပေးနေတာပါ။

နှစ်ရက်တာ ဒီသင်တန်းမှာတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ခရီးသွားကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ခရီးသွားတွေအတွက် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေအကြောင်း၊ ကိုယ်ခံအားချို့တဲ့တဲ့ ဝေဒနာရှင် ခရီးသွားတွေအတွက် ဆောင်ရန်၊ ရှောင်ရန် ဆေးဝါးအကြောင်းတွေကို အဓိက ပို့ချ သင်တန်းပေးနေတာပါ။

ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာနေစိုးမောင်က “Tourism မှာက ၂၀၁၁ ခုနှစ်မှာ Tourist ၁ သန်းအောက်လောက်ပဲ ရှိပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ၄ သန်းကျော်လောက် တက်လာတယ်ပေါ့နော်။ အဲဒီလိုမျိုး Tourism မှာက အရမ်းတက်လာပြီး သူနဲ့ဆက်နွယ်တဲ့ Travel Medicine လို့ ခေါ်ပါတယ်၊ ခရီးသွားလာခြင်းဆိုင်ရာ ဆေးပညာနဲ့ပတ်သက်တဲ့ ဘာသာရပ်အနေနဲ့သော်လည်းကောင်း၊ သူနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်အနေနဲ့လည်းကောင်း သိပ်မရှိသေးဘူးပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆရာတို့ ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီသင်တန်းဟာ ပြည်တွင်းကို ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်း မြင့်တက်လာတာကြောင့် သက်ဆိုင်ရာကဏ္ဍကနေ ထောက်ပံ့မှုပေးနိုင်အောင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပြီး နှစ်ရက်တာ သင်တန်းကိုတော့ လူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ သင်တန်းတက်ရောက်လိုသူတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာတွေကို အသိပေး အကြောင်းကြားခဲ့ပါတယ်။

“ကျနော့်အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်နေတဲ့ ဆရာဝန်တယောက် ဖြစ်တဲ့အတွက်ကြောင့် Travel Medicine ဆိုတာ ကျနော်တို့က နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ ကျနော်တို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။ ခရီးသည်တွေ မြောက်မြားစွာနဲ့လည်း အဝင်အထွက် ဆက်ဆံနေရတာကြောင့်ပါ” လို့ Airport Clinic မှ Medical Officer ဒေါက်တာသီဟအောင်က ပြောပါတယ်။

ခရီးသွားလာခြင်းဆိုင်ရာ ဆေးပညာသင်တန်းကို University of Public Health နဲ့ Asia Pacific Travel Health Society တို့က ပူးပေါင်းစီစဉ်တာဖြစ်ပြီး နောက်ထပ် ဖွင့်လှစ်နိုင်အောင် မျှော်မှန်းထားတယ်လို့ သိရပါတယ်။

သတင်း - ပြည့်ဘုန်းအောင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013