DVB Logo
Home
မြန်မာသတင်း
မြန်မာအဆင့်မြင့် အထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားရောက်
DVB
·
January 10, 2017
မြန်မာအဆင့်မြင့် အထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသွားရောက်
Donate to DVB

မြန်မာနိုင်ငံခြားရေးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်တဲ့ မြန်မာအဆင့်မြင့် အထူးသံတမန် အဖွဲ့ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို သွားရောက်ဖို့ရှိနေပါတယ်။

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ စသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဘင်္ဂလီတွေ အရေးဆွေးနွေး လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ နယ်စပ်က ဘင်္ဂလီတွေ အရေးအဓိကဆွေးနွေးဖို့သွားရောက်တာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ခရီးစဉ်အဓိကရည်ရွယ်ချက်ကတော့ ကျမတို့ရဲ့ ဒုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့သွားတာပါ။ နိုင်ငံ နှစ်ခုအကြားမှာ နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေ ခရီးစဉ်မစခင်၊ အမှန်တော့ အစိုးရ အဖွဲ့သစ်တက်တာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားလေ့သွားထရှိတယ်။ အဲဒီခရီးစဉ်တွေမစခင် ကနဦးသွားပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ သွားရောက်ပြီး ထိတွေ့တဲ့သဘောပါ။ နှစ်နိုင်ငံ အရေးဆွေးနွေးတယ်ဆိုတော့ နယ်ပယ်က တကယ်တော့ ကျယ်ပျံ့တယ်လေ။ အကုန်ပါတာပေါ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှစ်နိုင်ငံ အကြားလုပ်နေဆောင်ရွက်နေတဲ့ ကိစ္စတွေ အားလုံးပါတော့ပါနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေလည်း တက်ရင်လည်း တက်လာမှာပေါ့။ အဓိကတော့ အဲဒီကိစ္စဆွေးနွေးဖို့ သွားတာမဟုတ်ပါဘူး။”
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံသားတွေ အားလုံးကို အစောဆုံးပြန်လည်ခေါ်ယူဖို့ ဒီဇင်ဘာ ၃၁ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆို ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကိုလည်း ခေါ်ယူတွေ့ဆုံပြီး ရခိုင်ပြည်နယ်ကနေ ဆက်လက် စုပြုံထွက်ပြေးလာနေတဲ့ မွတ်စလင်တွေအရေး စိုးရိမ်ပူပန်တဲ့အကြောင်းပြောဆိုခဲ့ပြီး အောက်တိုဘာ ၉ ရက် ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ၀င်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသား ၅သောင်းလောက်ရှိနေတဲ့ အကြောင်းပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၇ ရက်က စိန့်မာတင်ကျွန်းနားမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသင်္ဘောကို မြန်မာ ဘက်က ပစ်ခတ်ခဲ့လို့ သင်္ဘောသားတချို့ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း မြန်မာသံအမတ်ကြီးကို ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးကတော့ မြန်မာရေတပ်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို ပစ်ခတ်ခဲ့တာမရှိဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

ဒုဝန်ကြီး ဦးကျော်တင်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ညနေပိုင်း ရန်ကုန်ကနေ ဒါကာမြို့ကို ထွက်ခွာမှာဖြစ်ပြီး မနက်ဖြန် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့မှာတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၃ ရက်ကြာဘင်္ဂလားဒေ့ရှ် နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ ပြန်လာဖို့ ရှိနေတယ်လို့ နိုင်ငံခြားရေးဌာနက စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013