DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေ ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံ ရှိနေ
DVB
·
January 10, 2017
ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေ ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံ ရှိနေ
Donate to DVB

ပြည်ထောင်စုဌာနအဖွဲ့အစည်းတွေရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ  ရငွေက ကျပ် ၁၆ ဒသမ ၇၆၈ ထရီလီယံရှိပြီး သုံးငွေက ကျပ် ၂၀ ဒသမ ၈၉၆ ထရီလီယံ ရှိတဲ့အတွက် လိုငွေပမာဏစုစုပေါင်း ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံ ရှိနေတယ်လို့ ဘဏ္ဍာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဒု-သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ တက်ရောက်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောသွားတာပါ။

အထက်ပါ သုံးငွေတွေထဲမှာ ပြည်နယ်နဲ့တိုင်းတွေကို လိုငွေအတွက် ထောက်ပံ့ပေးတဲ့ ငွေကျပ် ၁၇၀၇ ဘီလီယံ ပါဝင်ပြီး ပြည်ပအကူအညီရငွေ ကျပ် ၆၁၈ ဒသမ ၉၂၆ ဘီလီယံအပြင် ပြည်ပချေးငွေ ကျပ် ၁၉၁၇ ဒသမ ၃၁၄ ဘီလီယံ ပါဝင်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ သမ္မတ ဦးထင်ကျော်ကတော့ တိုင်းပြည်မှာ အဓိကရငွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ သစ်နဲ့ သတ္တုတင်ပို့မှုကရတဲ့ဝင်ငွေ ကျဆင်းနေတဲ့အတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးတည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့အတွက် စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ အစည်းအဝေးမှာ ပြောပါတယ်။

သဘာဝဓာတ်ငွေ့တင်ပို့မှုက ရငွေဟာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးနှုန်း အခြေအနေကြောင့် ကျဆင်းတာ၊ သစ်ထုတ်လုပ်တင်ပို့မှုကို လျှော့ချတဲ့အတွက် ရငွေကျဆင်းတာ၊ သတ္တုကဏ္ဍ လုပ်ကွက်တွေကို ပြန်လည်ခွင့်ပြုဖို့ စိစစ်နေတာကြောင့် ရငွေကျဆင်းတာတွေ ရှိနေတယ်လို့ သမ္မတက ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရာမှာ ပြည်သူတွေ သက်သာမှုရရှိစေဖို့ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူးနေရတယ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ ကြီးမားစွာရှိနေဆဲဖြစ်တယ်၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့ ဥပဒေ၊ နည်းဥပဒေတွေအပြင် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးရမယ်၊ ပြည်တွင်း ငွေကြေးဈေးကွက် တည်ငြိမ်စေဖို့အတွက် စဉ်ဆက်မပြတ် ဂရုပြုလုပ်ဆောင်ဖို့ စတာတွေ သမ္မတက အစည်းအဝေးမှာ ပြောသွားပါတယ်။

အစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ်တွေထဲမှာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်လျာထား သုံးစွဲနေပြီး သဘာဝဘေးအန္တရာယ်တွေအတွက် သီးသန့်ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ လျာထားပြီး ကျပ် ဘီလီယံ ၂၀ ကိုတော့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေအတွက် နိုင်ငံတော်မှ ထည့်ဝင်ပေးရန် လျာထားတယ်လို့ သိရပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လိုငွေနဲ့ ဂျီဒီပီအချိုးကတော့ ၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိနေပြီး ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရေးကိုလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ မနေ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013