ရုရှားနျူလက်နက်တပ်ဂြိုဟ်တုလွှတ်လျှင် အာကာသကို နေတိုးကာကွယ်မည်

ရုရှားက နျူကလီးယားထိပ်ဖူးတပ် ဂြိုဟ်တုတစင်း လွှတ်တင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အာကာသက ခြိမ်းခြောက်မှုမှန်သမျှကို နေတိုးအဖွဲ့က ကာကွယ်သွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီက ပြောပါတယ်။
ရုရှားဟာ လာမဲ့ ရက်ပေါင်း ၆၀ အတွင်း အဲဒီဂြိုဟ်တုကို လွှတ်တင်နိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား ဒီလထဲမှာ မျှဝေခဲ့တယ်လို့ ဂျာမနီသတင်း မီဒီယာတွေက ဖော်ပြပါတယ်။
Sputnik-S လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုဟာ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေးဂြိုဟ်တုတွေ အပါအဝင် တခြားဂြိုဟ်တုတွေကို နှောင့်ယှက်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ရူတီက“နေတိုးနယ်မြေရဲ့ တလက်မမကျန်ကို ကျနော်တို့ အမြဲကာကွယ်သွားမှာဖြစ်ပြီး အာကာသ ဆိုင်ရာလုံခြုံရေးလည်း အပါအဝင်ဖြစ်ပါတယ်”လို့ ဘာလင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။
နေတိုးမှာ တုံ့ပြန်နိုင်မဲ့ နည်းလမ်းအမျိုးမျိုးရှိပြီး လိုအပ်ရင် ကာကွယ်ရေးအစီအစဉ်တွေကို ပြင်ဆင် သွားမယ်လို့လည်း ဆိုပါတယ်။
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မာ့ဇ်ကတော့ အဲဒီသတင်းတွေကို အတည်မပြုပေမဲ့ ရုရှားဟာ တင်းမာမှုတွေကို ဘယ်လောက်အထိ မြှင့်တင်ဖို့ အသင့်ရှိနေသလဲဆိုတာ ဖော်ပြနေတယ်လို့ ပြောပါတယ်။
ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံရုံးကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဝါဒဖြန့်မှု သက်သက်ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
ရုရှားလည်း လက်မှတ်ရေးထိုးထားတဲ့ ၁၉၆၇ ခုနှစ် အာကာသဆိုင်ရာ နိုင်ငံတကာစာချုပ်အရ ကမ္ဘာပတ်လမ်းကြောင်းမှာ နျူကလီးယားလက်နက် အပါအဝင် အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ တပ်ဆင်ထားရှိခွင့် ပိတ်ပင်ထားပါတယ်။
၂၀၂၄ ခုနှစ်ကလည်း ရုရှားဟာ နျူကလီးယားထိပ်ဖူးတပ် ဂြိုဟ်တုဖျက်လက်နက် တီထွင်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပါတယ်။
အာကာသမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ထားရှိတာကို ရုရှားက အစဉ်တစိုက် ဆန့်ကျင်ခဲ့သလို အခုလည်း ဆန့်ကျင်နေဆဲဖြစ်တယ်လို့အဲဒီအချိန်တုန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
Source:Reuters











