
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဇန်နဝါရီ ၁၆ ရက်ကစပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ် စတင်တော့မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။
အခုလက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအားလုံးကို ဇန်နဝါရီ ၁၅ ရက် ညမှာ ဖျက်သိမ်းတော့မှာပါ။
အဲဒီအတွက် စနစ်သစ်မှာ ပြေးဆွဲမယ့် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ထားတာမရှိသေးတဲ့ ယာဉ်လိုင်း ပြေးဆွဲသူ ယာဉ်ပိုင်ရှင်တွေဟာ ရန်ကုန် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးရှိတဲ့ ဗြဟ္မစိုရ်လမ်း၊ (၄) ရပ်ကွက်၊ တောင် ဥက္ကလာပ မြို့နယ်မှာ လျှောက်လွှာယူပြီး စာရင်းပေးသွင်း မှတ်ပုံတင်ထား ဖို့ လိုအပ်ပါတယ်။
လျှောက်လွှာတွေကိုတော့ ဇန်နဝါရီလ ၇ ရက်နေ့မှာ စတင်လက်ခံနေပြီဖြစ်ပါတယ်။











