
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ မိုင် ပုဂ္ဂလိကဆေးခန်းက ဆရာဝန်နဲ့ သူနာပြုတွေကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားရာကနေ ဒီနေ့ ဧပြီ ၂၄ ရက် မနက်ပိုင်းမှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၂ ရက်က မိုင် ဆေးခန်းက ဒေါက်တာ ရာဇာထွန်းနဲ့ ဆရာဝန် ၃ ယောက်၊ သူနာပြု ၈ ယောက်၊ ကောင်တာထိုင် ၂ ယောက်၊ ထမင်းချက် ၂ ယောက်၊ အလုပ်သမား ၅ ယောက်၊ လူနာတယောက်၊ လူနာစောင့် ၂ ယောက်တို့ကို စစ်တပ်က ဖမ်းဆီးသွားတာမှာ လူနာတယောက်ကိုပဲ ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒီနေ့မနက်က မိုင်ဆေးခန်းက ဆရာ၊ ဆရာမတွေကို ပြန်လွှတ်မယ်လို့ သိရလို့ လုံးခင်းက လူမှုကူညီရေးအသင်းကားနဲ့ မနက် ၇ နာရီလောက်မှာ သွားကြိုတယ်။ အဲဒီမှာ အားလုံးနီးပါး ပြန်လွတ်လာတယ်။ လူနာတဦး ပြန်မလွတ်လာဘူး” လို့ DVB ကို ပြောပါတယ်။
အဲဒီနေ့မှာပဲ အဲဒီကျေးရွာမှာရှိတဲ့ ဥရုဆွတ်အိန် တည်းခိုခန်းက ဝန်ထမ်းတချို့နဲ့ တည်းခိုသူ ၁၀ ယောက်ထက်မနည်းကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီး ဒီနေ့ ပြန်လွတ်၊ မလွတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၀ ရက် ညကလည်း အာဏာသိမ်းစစ်တပ်က လုံးခင်းကျေးရွာက ဒေသခံ ဦးဇော်မိုးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားသလို မနေ့ ညနေပိုင်းမှာလည်း ငြိမ်းချမ်းသာယာမှာရှိတဲ့ ဆီဆိုင် က ကိုဆန်းလင်းကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီအရပ်သားတွေ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
ဖားကန့်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းကို စစ်ရေးအခြေအနေအရ KIA ဘက်က အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
မနေ့ကလည်း ဖားကန့် နမ္မဖြစ်က စစ်ရှောင်စခန်းတခုကို အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျပြီး ကလေးတယောက် သေဆုံးသလို လူကြီးတယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။










