
ရခိုင်ပြည်နယ်၊ မောင်တောဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်ဒုမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်း စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပြီး အဲဒီကနေတဆင့် မောင်တောဒေသကို ထွက်ခွာပြီ ဖြစ်ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ နိုင်ငံတော်ဒုမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ အကြမ်းဖက်ခံခဲ့ရတဲ့ မောင်တောမြို့နယ်၊ ကျီးကန်ပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို တပ်မတော်ရေယာဉ်နဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာ အဲဒီကျီးကန်ပြင်ဌာနချုပ်ကနေတဆင့်၊ ဇင်ပိုင်ညာရွာ၊ မြို့သူကြီးကျေးရွာတွေကို သွားရောက်စုံစမ်းမှာ ဖြစ်ပြီး၊ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ရွှေရင်အေး၊ နိုရူလာ၊ အလယ်သံကျော်တွေကို သွားရောက်စုံးစမ်းလေ့လာမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ဒုမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ အခုတကြိမ်ဆိုရင် ဒုတိယအကြိမ် လာရောက်စုံစမ်းလေ့လာတာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့ ၁၃ ရက်နေ့ကလည်း သွားရောက်စုံစမ်းလေ့လာခဲ့တာပါ။
ရခိုင်ပြည်နယ် မောင်တောမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နဲ့ နိုဝင်ဘာ ၁၂၊ ၁၃ ရက်နေ့တွေက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကော်မရှင်ဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ်ရတဲ့ နောက်ခံအခြေအနေ၊ အဖြစ်မှန်ပေါ်ပေါက်ရေး၊ နောင် အလားတူ မဖြစ်ပွားစေရေးနဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တရားဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်လုပ်ဆောင်ခြင်း ရှိ မရှိ စစ်ဆေးပြီး လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့ သမ္မတထံ သုံးသပ်အကြံပြု တင်ပြရမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို











