DVB Logo
Home
မြန်မာသတင်း
မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၂ ဦးကို လူသေမှုဖြင့်ဖမ်းဆီးစစ်ဆေး
DVB
·
January 5, 2017
မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၂ ဦးကို လူသေမှုဖြင့်ဖမ်းဆီးစစ်ဆေး
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဘောကထာနယ်မြေရဲစခန်းမှာ မသင်္ကာဖွယ် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်စစ်ဆေးပြီးနောက် သေဆုံးသွားခဲ့မှုနဲ့ ပတ်သက်လို့ မဘီးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်အပါအ၀င် ရွာသား ၃ ဦးကိုလည်း  ဇန်နဝါရီ ၃ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်က ရွှေကျင်မြို့နယ် ဘောကထာကျေးရွာလမ်းဘေး ရေမြောင်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့အလောင်း ကို တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ ဘောကထာနယ်မြေရဲစခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရွှေကျင်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတဲ့အချိန်မှာပဲ မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ပါ ရွာသား ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

ရွှေကျင်မြို့မရဲစခန်းမှူး ဒုရဲမှူးဦးသန်းထွန်းက“ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ခုသေဆုံးသူ အမည်မသိ၊ လိပ်စာမသိဟာ ဒီကျနော်တို့ မဘီးကျေးရွာ အတွင်းမှာ မသင်္ကာဖွယ် သွားလာနေတာကို တွေ့တယ်။ တွေ့တော့ ကျနော်တို့ ထိန်းသိမ်းထားတဲ့ ဦးမျိုးလွင်နဲ့ သူရဲ့ရွာသားတွေကနေပြီးတော့ သူတို့စစ်ဆေးတယ် ဖမ်းဆီးတာကတော့ သူတို့ရွာမှာ ဘက်ထရီအိုးတွေ ပျောက်တယ်။ ဆိုလာပြားတွေ ပျောက်တယ်။ ကလေးသူခိုးဆိုတဲ့ ကောလာဟလတွေပေါ့။ အဲဒါတွေကို ပေါ်ပေါက်အောင် သူတို့ ဖမ်းဆီးစစ်ဆေးတယ်။ ဖမ်းဆီးစစ်ဆေးတာကလည်း ၁ နာရီခွဲလောက်ကြာတယ်။ အဲဒီလိုစစ်ဆေးပြီးမှ ရဲစခန်းကို လာအပ်တယ်။ ဖမ်းဆီးစဉ်မှာလည်း သူတို့ရဲ့ရွာ ဦးကျော်မြင့်ရဲ့နေအိမ်ရှေ့မှာ မတ်တတ်ရပ် လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်စစ်ထားတဲ့ သွေးစသွေးနတွေနဲ့ ဓာတ်ပုံတွေရထားပါတယ်။ ရဲစခန်း ရောက်သွားတဲ့အခါကျတော့လည်း ဦးမျိုးလွင်နဲ့အဖွဲ့ဟာ ပွင့်ပွင့်လင်းလင်း တင်ပြရရင် ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုပ်နည်းမမှန်တဲ့ စစ်ကြေားနည်းနဲ့ ရိုက်နှက်စစ်ဆေးတာကို ပေါ်ပေါက်တယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေရော ခုနတုန်းက အုပ်ချုပ်ရေးမှူးကိုရော အမှုနဲ့ ဖြေရှင်းရမယ့်တာဝန်ရှိတယ်ဆိုတဲ့ ပေါ်ပေါက်ချက်အရ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မနေ့က  ည ၆ နာရီ ၁၀ မိနစ်အချိန်မှာ ဖမ်းဆီးပြီးတော့ စစ်ဆေးနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွာသားတွေဘက်ကတော့ သေဆုံးသွားတဲ့အမျိုးသားကို ရဲစခန်းကိုပို့ဆောင်အပ်နှံစဉ်မှာ ဒဏ်ရာတွေ ဘာမှမရှိဘူးလို့ အုပ်ချုပ်ရေမှူးဦးမျိုးလွင်ရဲ့ ဇနီး မချိုမာလွင်က ဒီဗွီဘီကိုပြောပါတယ်။

“ကျမ ယောက်ျားက အမှန်တကယ် သူ တာဝန်ရှိလို့ အဲဒီလိုမျိုးလုပ်ပေးတာပဲ ရှိတာပေါ့နော်။ လူကြီးတယောက်ဆိုတော့ တာဝန်ရှိလို့ စခန်းကိုသွားပို့တာပဲရှိတယ်။ သူတို့က အဲဒီလို ကလေး သူခိုးတွေ ဘာညာဆိုတော့ သွားအပ်ရတာပေါ့။ ကျမ ယောက်ျားက ရဲစခန်းကို မဘီးကြီးက အတွင်းရေးမှူးတွေနဲ့ ရွာသားတွေနဲ့ သွားအပ်ခဲ့တယ်။ သွားအပ်တဲ့အခါမှာလည်း ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ အင်္ကျီချွတ်ပြရတယ်ပေါ့။ ရဲစခန်းမှူးကို အင်္ကျီချွတ်ပြရတယ်ပေါ့။ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ အဲဒီလိုမျိုး အပ်ခဲ့ရတယ်ပေါ့။ ရိုက်နှက်စစ်ဆေးတာမရှိဘူး။ အဲဒီမှာ ရဲတွေလည်း ပါတယ်” လို့ ပြောပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး ဘောကထာရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၀ဦးနဲ့အတူ မဘီးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးလွင်၊ မဘီးကြီးကျေးရွာသား ကိုလှမိုးနဲ့ မင်းမင်းတို့ကို ရွှေကျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၁၁၄ / ၂၀၁ နဲ့ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက် (ညောင်လေးပင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013